Connect with us

Science & Technology

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင်  တံတားအစင်းပေါင်း ၁၀၀ တည်ဆောက်ပြီးစီးမည်ဟုဆို 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန မှ တည်ဆောက်လျက်ရှိသောတံတားတစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ--ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) 

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင်   ပေ  ၁၈၀  နဲ့အထက် တံတား  ၄၃ စင်း နှင့် ပေ  ၁၈၀  အောက် တံတား   ၅၇ စင်း စုစုပေါင်းတံတားအစင်း  ၁၀၀ တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

တံတားဦးစီးဌာန မှ အင်ဂျင်နီယာချုပ်  ဦးမောင်မောင် ညွန့် က “တံတားတွေ  တည်ဆောက်တဲ့အခါ  ကျောက်၊     သဲ၊    ဘိလပ်မြေ၊    သံချောင်းအစရှိတဲ့ တည်ဆောက်ရေးသုံးပစ္စည်းတွေ အရည်အသွေးပြည့်မီမှု  ရှိ/မရှိ  စနစ်တကျစစ်ဆေးပြီး  အသုံးပြုတည်ဆောက် လျက်ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာလည်း  တံတားအောက်ခြေ  အုတ်မြစ်လုပ်ငန်းကစပြီး အပေါ် ထည်ပိုင်းအထိ အဆင့်လိုက် အရည်အသွေး  ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်”  ဟု ဆင်ဟွာသို့ စက်တင်ဘာ ၈ ရက်တွင်ပြောသည်။ 

တံတားများ တည်ဆောက်ရာတွင် ပြည်ထောင်စု ငွေလုံးငွေရင်း   ရန်ပုံငွေနှင့်   တိုင်းဒေသကြီး၊ ပြည်နယ် အပ်နှံရန်ပုံငွေတို့ကို   အသုံးပြုကာ  ဘဏ္ဍာနှစ်အလိုက် တံတားဦးစီးဌာနက  တည်ဆောက်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တံတားဦးစီးဌာနသည် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် တွင် တည်ဆောက်ခဲ့သော တံတားများကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ်  ၉၇  ဒသမ ၅၇၁ ဘီလီယံ၊  တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ် ၈၃ ဒသမ  ၉၈၄ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ထို့အတူ   ၂၀၁၇ –  ၂၀၁၈   ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု  ငွေလုံးငွေရင်း  ရန်ပုံငွေကျပ်  ၈၃ ဒသမ  ၉၃၉  ဘီလီယံ၊ တိုင်းဒေသကြီး/ ပြည်နယ်  အပ်နှံရန်ပုံငွေ  ကျပ်  ၉၅ ဒသမ  ၈၆၀  ဘီလီယံ၊  ၂၀၁၈  ခုနှစ်   ဧပြီလမှ   စက်တင်ဘာလအထိ  ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု  ငွေလုံးငွေရင်းရန်ပုံငွေကျပ်   ၃၅  ဒသမ ၇၈၇ ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံ ငွေကျပ် ၂၄ ဒသမ  ၇၅၇  ဘီလီယံ၊  ၂၀၁၈ – ၂၀၁၉   ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု  ငွေလုံးငွေရင်းရန်ပုံငွေကျပ်  ၂၀၅ ဒသမ ၃၆၄  ဘီလီယံ၊ တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ်   ၇၀  ဒသမ  ၀၁၆   ဘီလီယံ၊  ၂၀၁၉-  ၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စု   ငွေလုံးငွေရင်း ရန်ပုံငွေကျပ်  ၄၂၁ ဒသမ ၇၄၆  ဘီလီယံ၊  တိုင်းဒေသကြီး/ပြည်နယ် အပ်နှံရန်ပုံငွေကျပ်   ၅၅  ဒသမ ၃၈၆ ဘီလီယံ အသုံးပြု၍ တံတားများ တည်ဆောက်ခဲ့ကြောင်း သိရသည်။  (Xinhua)