Connect with us

Science & Technology

မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့ပြီး အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည်

Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တု လွှတ်တင်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆင်ဟွာသို့ယနေ့ပြောကြားခဲ့သည်။

“လက်ရှိ ဂြိုဟ်တုက ပတ်လမ်းကြောင်းအတိုင်း ပတ်နေတယ်။ စမ်းသပ်မှုတွေ လုပ်ပြီးရင် အောက်တိုဘာလ ဆိုရင် စသုံးလို့ ရပြီ။”ဟု ၎င်းက လက်ရှိ အခြေအနေကို ရှင်းပြခဲ့သည်။

Myanmar Sat 2 ပါဝင်သည့် Intelsat 39 ကို သြဂုတ် ၇ ရက် နံနက် ၂ နာရီတွင် တောင်အမေရိကတိုက် မြောက်အတ္တလန်တိတ် ကမ်းခြေရှိ ပြင်သစ် ဂီယာနာ အာရိယန် အာကာသ ဒုံးပျံ ပစ်လွှတ်ရေး အခြေစိုက် စခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“Myanmar Sat-2 က quality ပိုကောင်းတော့ signal ပိုရတာပေါ့။ ပိုရတဲ့အတွက် သုံးစွဲသူတွေအတွက် ပိုအကျိုးရှိတယ်။ speed ပိုရတယ်။ ဂြိုဟ်တုက လွှင့်တဲ့အားက ပိုများတဲ့အတွက်ကြောင့် ဖမ်းယူရရှိမှုက ပိုရတယ်။ level ပိုကောင်းတာပေါ့။ တော်ရုံနဲ့ ပြတ်မသွားဘူး။ လိုင်းမကျဘူး။ Internet speed, ဖုန်းလိုင်း ပိုပြီး ရတယ်။ ဆက်သွယ်ရေးကဏ္ဍ ပိုကောင်း လာမယ့်အပြင် DTH (Direct To Home) တွေ သုံးမယ်ဆိုလည်း သုံးလို့ရတယ်။ စလောင်းနဲ့ တီဗီကြည့်တဲ့ ရုပ်သံလိုင်းတွေ ပိုကောင်းလာမယ်။”ဟု အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောကြားခဲ့သည်။¬

Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုကို Ariane 5 ECA ဒုံးပျံဖြင့် လွှတ်တင် ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးပျံတွင် မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တု နှင့် EDRS-C ဂြိုဟ်တု နှစ်လုံး ပါဝင်ကြောင်း သိရသည်။

Myanmar Sat 2 သည် Intelsat Satellite Operator နှင့် ပူးပေါင်းလွှတ်တင်ခြင်းဖြစ်ပြီး မြန်မာ ပိုင်သည့် အပိုင်းကို Myanmar Sat 2 ဟု အမည် တပ်ခွင့် ရခဲ့ကြောင်း ၊ နောက်ဆုံးပေါ် နည်းပညာ အသုံးပြု ထားသည့် အတွက် Myanmar Sat 1 ထက် အဆ ၈ ဆမှ ၁၀ ဆ အထိ ပိုမို ကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် ဆက်သွယ်မှုများ ရရှိနိုင်ကြောင်း ၊ ဖမ်းယူမှုအား ပိုမို ရရှိသည့်အတွက် Myanmar Sat 2 အသုံးပြုသည့် မိုဘိုင်းအင်တာနက်နှင့် အခြားဆက်သွယ်ရေး များတွင်လည်း မြန်နှုန်းပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

Myanmar Sat 2 ကို အသုံးပြုပြီး ၉၅ ရာခိုင်နှုန်းသော ပြည်သူလူထုများ ကောင်းမွန်သည့် ဆက်သွယ်ရေး ရရှိ စေရန် ၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေး ကဏ္ဍများအတွက် e-government လုပ်ငန်းများကို တွင်တွင် ကျယ်ကျယ် ထောက်ပံ့ပေးရန် ဆိုသည့် ရည်ရွယ်ချက် ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းတွင် ပြောကြားခဲ့သည်။

Myanmar Sat 2 လွှတ်တင်နိုင်ရေး အတွက် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန နှင့် Intelsat ကုမ္ပဏီ အကြား သဘောတူညီမှု စာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင် စတင်လက်မှတ်ရေးထိုးပြီး အဆိုပါ ဂြိုဟ်တုကို Intelsat အတွက် မာဇာနည်းပညာကုမ္ပဏီက (၅၂)စင်းမြောက် ဂြိုဟ်တုအဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း နှင့် Myanmar Sat 2 ဆက်သွယ်ရေး အစိတ်အပိုင်း အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့် ဖြစ်ကြောင်း သိရသည်။(Xinhua)