Connect with us

Social

စီးတီးတက္ကစီ သက်တမ်းတိုးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းဆို

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော တက္ကစီယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

စီးတီးတက္ကစီ သက်တမ်းတိုးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ယာဉ်အစီးရေအလိုက် စီမံမှုများ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ စတင်လုပ်ဆောင်ဖြစ်မည့်အချိန်အား ကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ဒီဇင်ဘာ ၅ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ YRTA အနေနဲ့ အစစသုံးသပ်ပြီးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ လုပ်ဖြစ်တာနဲ့ အားလုံးကို ကြိုတင်ပြီး အသိပေးသွားမှာပါ။ အခုချိန်က COVID-19 ရောဂါကူးစက်မှု နဲ့ ပတ်သက်ပြီး နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေနဲ့ အညီဆောင်ရွက်နိုင်ဖို့တော့ ကြိုးစားနေပါတယ်။လုပ်ငန်းနဲ့ ရောဂါနဲ့ ကိုကျွန်တော်တို့ချိန်ကြည့်နေတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

တက္ကစီမောင်းနှင်သူများ၏ ကျန်းမာရေးအတွက် ကာကွယ်မှုများဆောင်ရွက်ရန်အပါအဝင် COVID-19 ရောဂါကူးစက်ခြင်းမရှိစေရန် ချိန်ဆ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။ COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှ စ၍ စီးတီးတက္ကစီများကို သက်တမ်းတိုးခြင်းအား ရပ်နားခဲ့ပြီး ဒီဇင်ဘာလတွင်ရပ်နားထားမှု ၉လ ရှိပြီဖြစ်ကြောင်း သိရသည်။ စီးတီးတက္ကစီများသက်တမ်းတိုး ဆောင်ရွက်ခြင်းအတွက် က.ည.န ရုံးများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေအားစောင့်ကြည့်လျက်ရှိကြောင်း ၎င်းကဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ပေးရမည့် စီးတီးတက္ကစီ ယာဉ်အစီးရေပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

#စီးတီးတက္ကစီ #ဆင်ဟွာ #CityTaxi #Xinhua