Connect with us

Social

ဖေဖော်ဝါရီ ၈ ရက် မှ စပြီး ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယား ပြောင်းလဲပြေးဆွဲမည်

ရန်ကုန်မြို့ပတ်ရထားတစ်စင်း ပြေးဆွဲနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး   တစ်ချို့နေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ လ ၈ ရက် မှ စကာ ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နေ့လျှင် ရထားခေါက်ရေ ၁၈၃ ခေါက် ပြေးဆွဲလျက်ရှိပြီး၊ အချိန်စာရင်းပြောင်းလဲလိုက်ပါက ၁၆၈ ခေါက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ယခင်က လမ်းပိုင်းအလိုက်ပိတ်၍ အဆင့်မြှင့်တင်ပြုပြင်ခြင်းဆောင်ရွက် သဖြင့် လမ်းပိုင်းအတိုများတွင်သာ အဓိကထားပြေးဆွဲခဲ့ရာမှ ယခုအခါတွင် လက်ဝဲရစ် ၊ လက်ယာရစ်မြို့ပတ်စနစ်များ ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။မြို့တစ်ပတ်လုံး ပတ်၍ ပြေးဆွဲသည့် စနစ်အား ပြန်လည်ဆောင်ရွက်မည်ဖြစ်ပြီး မြို့တစ်ပတ်လုံးပတ်သည့် ရထားသည် စီမံကိန်းမစတင်ခင် လက်ယာ ရစ် ၁၁ စင်းနှင့် လက်ဝဲရစ် ရှစ်စင်း စုစုပေါင်း ၁၉ စင်းရှိကြောင်း၊  လက်ရှိ စီမံကိန်း ဆောင်ရွက်ဆဲကာလတွင်  မြို့ပတ်စနစ်ကို ယာယီရပ်ဆိုင်းထားခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် ပြင်ဆင်ပြေးဆွဲ မည့်  ရထားအချိန်စာရင်းတွင်  မြို့တစ်ပတ်လုံးပတ်နိုင်သည့်  လက်ဝဲရစ် ပတ်မည့်ရထားလေးစင်း၊ လက်ယာရစ်ပတ်မည့် ရထားလေးဆင်းဖြင့် တစ်မြို့လုံးပတ်၍ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေရာပြောင်းလဲဆောင်ရွက်မည် ဖြစ်သောကြောင့် မူလရထားအချိန်စာရင်းနှင့် တစ်ထပ်တည်းကျမည်မဟုတ်ဘဲ အချိန်အနည်းငယ် အပြောင်းအလဲရှိလာမည်ဖြစ်ပြီး သက်ဆိုင်ရာဘူတာများတွင် ရထားရောက်ရှိချိန်၊ ထွက်ခွာချိန်များကို ရထားစီးခရီးသည်များ မြင်သာအောင် ကြေညာပေးထား မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလ အဆင့်မြှင့်တင်ပြုပြင်လျက်ရှိ သည့် လမ်းပိုင်းများအနေဖြင့် ကြည့်မြင်တိုင်-ဘုရားလမ်း(အပြင်လမ်း)၊ တညင်း ကုန်း-မင်္ဂလာဒုံ (အပြင်လမ်း)၊ ပုရွက်ဆိတ်ကုန်း-ရေကူး(အတွင်းလမ်း)တို့ဖြစ်ပြီး ဆက်လက်ပြုပြင်ဆောင်ရွက်မည့် လမ်းပိုင်းများမှာ ကြည့်မြင်တိုင်-ဘုရား လမ်း(အပြင်လမ်း)နှင့် ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင်( အပြင်လမ်း)တို့ ဖြစ်ကြောင်း သိရသည်။
ရထားအချိန်စာရင်း ပြောင်းလဲပြေးဆွဲမည့်လမ်းပိုင်းများမှာ ရန်ကုန်မြို့ပတ် နှင့် လှော်ကားလမ်းပိုင်းဖြစ်ပြီး တိုးကြောင်ကလေး၊ ရွာသာကြီး၊ ဒဂုံတက္ကသိုလ်၊ အုတ်ဖိုစု၊ အရှေ့ပိုင်းတက္ကသိုလ်လမ်းပိုင်း ဆင်ခြေဖုံးရထားများမှာ အချိန်စာရင်း ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းမိုင် ၂၉ ဒသမ ၅ မိုင်(အစုန်-အဆန် မိုင်ပေါင်း ၆၀ နီးပါး) ရှိသည့်အနက် အဆင့်မြှင့် တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၁၈ ဒသမ ၈ မိုင် ကျန်ရှိကြောင်း သိရသည်။

ရထားအမြန်နှုန်းကို လက်ရှိ တစ်နာရီ ၂၅ မိုင်နှုန်းမှ ၃၇ မိုင်နှုန်းအထိ အရှိန်မြှင့်မောင်းနှင်နိုင်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့ တစ်ပတ်ကြာချိန်ကို ၂ နာရီ မိနစ် ၅၀ မှ ၁ နာရီ မိနစ် ၅၀ အထိ အချိန်လျှော့ချ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းကာလကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ မျှော်မှန်းထားပြီး ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်သည့် လုပ်ငန်းများအားလုံးကို ဇူလိုင်လကုန်ခန့်တွင် အပြီးဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်ထုတ်  မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)