Connect with us

Social

 မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ် အတွင်း စင်းလုံးငှား ရေယာဉ်ခရီးစဉ် ၄၀၁ ခု ဖြင့် ခရီးသွား ဧည့်သည် ၃,၁၇၄ ဦး ဝင်ရောက် လည်ပတ်ခဲ့

စင်းလုံးငှား ခရီးသည် ရေယာဉ်တစ်စီးအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Hotels and Tourism)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ အတွင်းရှိ ခရီးသွားဒေသများသို့ ၂၀၁၉ ခုနှစ်အတွင်း စင်းလုံးငှား ရေယာဉ်ခရီးစဉ် ၄၀၁ ခု ဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ၃,၁၇၄ ဦး ဝင်ရောက် လည်ပတ်ခဲ့ပြီး စုစုပေါင်း ဝင်ငွေ ကျပ် ၅၅၆ ဒသမ ၆ သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စင်းလုံးငှား ခရီးသည် ရေယာဉ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေး အတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ခရီးသွားများ စဉ်ဆက်မပြတ် လာရောက် လည်ပတ်လျက်ရှိကြောင်း နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချမှုရှိစေရေး နှင့် အဆင်ပြေ ချောမွေ့မှု ရှိစေရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)