Connect with us

Social

မြန်မာနိုင်ငံသား ရေလုပ်သား ၄၂ ဦး အင်ဒိုနီးရှားနိုင်ငံ တရင်းပါးကျွန်းမှ ပြန်လည်ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ တရင်းပါးကျွန်းမှ ပြန်လည်ရောက်ရှိလာသော မြန်မာ ရေလုပ်သားများ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တရင်းပါးကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၄၂ ဦးတို့သည် မလေးရှားလေကြောင်း လိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် နိုဝင်ဘာလ ၁၂ ရက်တွင် ရောက်ရှိလာကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

အဆိုပါ ရေလုပ်သားများသည် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြန်မာနိုင်ငံသား အဖြစ် အတည်ပြုချက် ရယူပြီး ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြန်လည် ရောက်ရှိလာသူများကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း ဦးစီးဌာနရှိ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းတွင် သက်ဆိုင်ရာမှ ခေတ္တ နေရာချပေးထားပေးကြောင်း၊ IOM အနေဖြင့်လည်း ၎င်းတို့ကို သက်ဆိုင်ရာနေရပ် အသီးသီးသို့ ပြန်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည့်အပြင် နောက်ဆက်တွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ လိုအပ်ပါက ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း IOM မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါရေ လုပ်သား ၄၂ ဦးသည် နိုဝင်ဘာလ ၁၂ ရက် ညနေ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ ရေလုပ်သားများကို အဆိုပါနိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်း သွားလာေ နထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM ) တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးလျက် ရှိရာ စက်တင်ဘာလဆန်းမှ နိုဝင်ဘာလ ၁၂ ရက်အထိ (၉) ကြိမ်မြောက် ပို့ဆောင် ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၃၄၅ ဦး နေရပ် အသီးသီးသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)