Connect with us

Social

သြဂုတ်လဆန်းတွင် YBS စီးနင်းသူ ၁ သန်းကျော်အထိ ပြန်လည်တိုးတက်လာ

နှာခေါင်းစည်းဖြင့် ဘတ်စ်ကားစီးနင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားသည့် ကာလ အတွင်း YBS စီးနင်းသူ လျော့နည်းခဲ့သော်လည်း သြဂုတ် ၇ ရက်တွင် YBS စီးနင်းသူပေါင်း ၁,၁၁၇,၄၈၇ ဦးရှိပြီး ဇွန်လ ကုန် ထက် ၃ ပုံ ၁ ပုံခန့်စီးနင်းသူပိုမိုများပြားလာကြောင်း၊ ယခင်စီးနင်းခဲ့သူ ရာခိုင်နှုန်း ၏ ၅၆ ရာခိုင်နှုန်းကျော် YBS ပြန်လည်စီးနင်းလာကြကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ဆင်ဟွာကို သြဂုတ် ၈ ရက်တွင်ပြောသည်။

“မတ်လမှာ YBS စီးသူ သိသိသာသာ လျော့နည်းခဲ့တယ်။ ဇူလိုင် ၂၇ ရက်မှာ YBS စီးနင်းသူ ၇၆၃,၃၅၂ ဦး ရှိတယ်။ အခုက စီးနင်းသူ ၁၁ သိန်းကျော်သွားပြီဆိုတော့ သိပ်မကြာခင် အရင်အခြေအနေ ကိုပြန်ရောက်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS  ခရီးသည်တင်  မော်တော်ယာဉ်များ၏ ပြေးဆွဲမှုသည် COVID-19 ရောဂါ မဖြစ်ပွားမီကာလထက် လျော့နည်း သော်လည်း ယခုအခါ ၈၈ ရာခိုင်နှုန်း ကျော်   ပြန်လည်ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။ တက္ကသိုလ်များနှင့် ရန်ကုန်လေဆိပ် မှာ    ပိတ်ထားဆဲကာလဖြစ်သည့် အတွက်  ယင်းနေရာများသို့အခြေပြုပြေးဆွဲ လျက်ရှိသော  ယာဉ်လိုင်းအချို့မှာ ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်တွင် YBS စီးရေ ၃,၆၅၆ ပြေးဆွဲခဲ့ပြီး သြဂုတ် ၇ ရက် YBS စီးရေ ၃,၉၂၃ ပြေးဆွဲခဲ့ကြောင်း သိရသည်။  

ရန်ကုန်တိုင်းဒေသကြီး   အတွင်း၌ YBS ယာဉ်များကို အသုံးပြု၍ ခရီးသွား လာမှုသည် ၂၀၂၀ ပြည့်နှစ်  မတ်လ နှောင်းပိုင်းမှ   စတင်လျော့နည်းခဲ့ပြီး ဧပြီလတွင်   သွားလာမှုအနည်းဆုံးဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွားပြီး   နှစ်လခန့် အကြာ မေလတွင်  ဖြေလျှော့မှုအချို့စတင်ခဲ့သည့်အတွက် မေလနှင့် ဇွန်လ တို့တွင် ခရီးသွားဦးရေ တဖြည်းဖြည်း ပြန်လည်တိုးတက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် YBS စီးနင်းသူ ၈သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်ခဲ့ပြီး သြဂုတ်လဆန်းမှ စ၍ နေ့စဉ် YBS စီးနင်းသူ ၁၀ သိန်း အထက်ရှိကြောင်းသိရသည်။ COVID-19 ရောဂါမဖြစ်ပွားမီ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ ဖွင့်သည့်အချိန် တွင် YBS စီးနင်းသူ ၁ဒသမ ၈ သန်းဝန်းကျင်ရှိခဲ့သည်။  (Xinhua)