Connect with us

Social

ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်များ သြဂုတ်လ မှ စတင်၍  တစ်လ နှစ်ကြိမ်ပြေးဆွဲမည်

ကိုကိုကျွန်းသို့ထွက်မည့်သင်္ဘောအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်- ကိုကိုးကျွန်း သင်္ဘောခရီးစဉ်များကို ယခုသြဂုတ်လ မှ စတင်၍  တစ်လ နှစ်ကြိမ်နှုန်း၊ ရာသီဥတုကောင်းသည့် အောက်တိုဘာ နှင့် နိုဝင်ဘာလ များတွင် တစ်လ ၃ ကြိမ်နှုန်း အခမဲ့ပုံမှန်ပြေးဆွဲပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ်းရိုးတန်းရေယာဉ်များအသင်း ဥက္ကဌ ဦးရဲဝင်းက ဆင်ဟွာသို့ သြဂုတ် ၁၂ ရက်တွင်ပြောသည်။

“တစ်လ နှစ်ကြိမ်ပြေးဆွဲဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ညွှန်ကြားထားပါတယ်။ အခု သြဂုတ် ၉ ရက် မှာ ပထမသင်္ဘောတစ်စီးထွက်ပါတယ်။ သြဂုတ် နောက်ဆုံးပတ် မှာ တစ်စီးထပ်ထွက်နိုင်ဖို့ ဝန်ကြီးက ညွှန်ကြားထားပါတယ်။ သင်္ဘောစီးနင်းခကို အစိုးရက ကျခံပေးတာပါ’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ကိုကိုးကျွန်းသို့သွားရောက်မည့် ခရီးစဉ်သည် ကမ်းရိုးတန်းမှ မိုင်နှစ်ရာ့ငါးဆယ်အကွာ ပင်လယ်ပြင်အတွင်း သွားလာရသဖြင့် မိုးရာသီတွင်ရာသီဥတု ကြမ်းတမ်းခြင်း ၊ လမ်းတစ်လျှောက် ကမ်းကပ်ရပ်နားစရာ နေရာမရှိသည့်အတွက် ပြည်တွင်းရေကြောင်းသင်္ဘောများအနေဖြင့် သွားလာရန်ခက်ခဲကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းသို့သွားလာရာ၌ ကမ်းရိုးတန်းသွားရေယာဉ်များအနေဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်ခန့်သာရန်ကုန်မှ ထွက်ခွါနိုင်ကြောင်း သိရသည်။

“ကိုကိုးကျွန်းက အိမ်ထောင်စု၁,၆၀၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးချင်တယ်ပေါ့ ၊ အခု ပြေးဆွဲပေးမှာကတော့ charity လို့ခေါ်တဲ့ ကမ်းရိုးတန်းသွားသင်္ဘောပါ။ တစ်လ နှစ်ခေါက် ညွှန်ကြားချက်နဲ့အညီ ပြေးဆွဲပေးမှာပါ။ ” ဟု ၎င်းကဆက်ပြောသည်။ 

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ တောင်ဘက်ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အကြားတွင်တည်ရှိပြီး ၊ ယင်းမြို့နယ်တွင် တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်း အများစုနေထိုင်ကြောင်း သိရသည်။  (Xinhua)