Connect with us

Asia

ဂျပန်တွင် ဖယ်ရီသင်္ဘောတစ်စီး ရေသတ္တဝါတစ်ကောင် နှင့် တိုက်မိ၍ လူ ၈၇ဦး ဒဏ်ရာရရှိ

ရေသတ္တဝါတစ်ကောင် နှင့် တိုက်မိခဲ့သည့် ဂျပန် ဖယ်ရီသင်္ဘော အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဂျပန်ပင်လယ်အတွင်း ရှိ Sado ကျွန်း တွင် မတ် ၉ ရက်က မြန်နှုန်းမြင့် ဖယ်ရီသင်္ဘောတစ်စီး နှင့် ရေသတ္တဝါတစ်ကောင်တို့ တိုက်မိခဲ့ရာ လူ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ၅ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၁၅နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်္ဘော၏ နောက်ပိုင်းတွင် ၅စင်တီမီတာရှိ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖယ်ရီသည် ဂျပန်နိုင်ငံ ကျွန်းမကြီးရှိ Niigata ဆိပ်ကမ်းမှ ဒေသစံတော်ချိန် နံနက် ၁၁း၃၀နာရီတွင် ထွက်ခွာလာပြီး ခရီးသည် ၁၂၁ဦး နှင့် သင်္ဘောဝန်ထမ်း ၄ဦးကို သယ်ဆောင်လာကြောင်း နှင့် ၎င်း၏ ဦးတည်ချက်ဖြစ်သည့် Sado ကျွန်းသို့ မွန်းလွဲ ၁၂း၃၀နာရီတွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့၏ ပြောကြားချက်အရ ဝေလငါး (သို့) အခြား ပင်လယ်သတ္တဝါတစ်ကောင် က သင်္ဘောအား ဝင်တိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ယင်းသို့တိုက်မိခဲ့သော်လည်း ဖယ်ရီသင်္ဘောသည် ၎င်း၏ ခရီးစဉ်အား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁း၃၀နာရီ ဝန်းကျင်တွင် Ryotsu ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)