Connect with us

Sport

စင်ကာပူ နှင့် မြန်မာ ဘောလုံးအသင်းတို့ မတ်လ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

စင်ကာပူ လက်ရွေးစင် အသင်းနှင့် မြန်မာ လက်ရွေးစင် အသင်းတို့ ၏ နည်းပြချုပ်များအား သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံတွင် မတ်လ ၂၄ ရက်နေ့ ည (ရး၄၅) နာရီ၊ မြန်မာစံတော်ချိန် ညနေ (၆း၁၅) နာရီ၌ ဂျလန်ဘီဆာ ကွင်းတွင် ကျင်းပမည့် စင်ကာပူ လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို မတ်လ ၂၃ ရက် မွန်းလွဲ (၁၂း၀၀) နာရီက မြန်မာအသင်း တည်းခိုရာ Amara Hotel တွင်ကျင်းပ ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲသို့ စင်ကာပူနှင့် မြန်မာ့ လက်ရွေးစင် အသင်းများ၏ နည်းပြချုပ်များ၊ အသင်း ခေါင်းဆောင်များနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။

“မနက်ဖြန် ကစားမယ့်ပွဲအတွက် ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိပါတယ်။ ဒေသတွင်း အိမ်နီးချင်း ပြိုင်ဘက်လည်း ဖြစ်သလို ကမ္ဘာ့အဆင့် ရပ်တည်မှုမှာလည်း ၁၄၈ နဲ့ ၁၅၄ ဆိုတော့ နီးနီး ကပ်ကပ်ရှိနေတဲ့ အသင်းတွေပါ။ ကွာခြားချက် ရှိတာကတော့ မြန်မာအသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၅ ယူ ၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ကျွန်တော်တို့ စင်ကာပူ အသင်းရဲ့ ပျဉ်းမျှ အသက်က ၂၅-၂၆ ဝန်းကျင်ဖြစ်ပြီး လာမယ့် ၂၀၁၉ အာရှဖလား အတွက် ပစ်မှတ်ထား ဖွဲ့စည်းနေတဲ့ အသင်းပါ။ မနက်ဖြန် ပွဲကတော့ ကျွန်တော်တို့ အသင်း ရှေ့ခရီးအတွက် အရမ်းကို အကျိုးရှိမယ့် ခြေစမ်းပွဲ တစ်ပွဲ ဖြစ်လာပါလိမ့်မယ်” ဟု စင်ကာပူ နည်းပြချုပ် ဘန်းစတိန်း က ပြောသည်။

မြန်မာအသင်း၏ နည်းပြချုပ် ဂတ် ဖရိုင်းဒရစ် ဆီဇီ က“စင်ကာပူ နည်းပြချုပ် ပြောသွားသလိုပဲ ကျွန်တော်တို့ အသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းပါပဲ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ပေမဲ့ လာမယ့် ဆူဇူကီးဖလား အတွက် ကျွန်တော်တို့ ပစ်မှတ်ထား ပြင်ဆင်နေပါတယ်။ မနက်ဖြန် ခြေစမ်းပွဲမှာ အကောင်းဆုံး ခြေစွမ်းရအောင် ပြင်ဆင်သွားမှာပါ။ ဒီပွဲဟာ လာမယ့် လက်ဘနွန်နဲ့ပွဲ အတွက်လည်း ကြိုတင် ပြင်ဆင်ခြင်း ဖြစ်တာကြောင့် ပုံစံကောင်းရဖို့ ကြိုးစားသွားပါမယ်’’ ဟုပြောသည်။
မြန်မာ အသင်းအနေဖြင့် ယခုနှစ်အတွက် အဓိက ပစ်မှတ်သည် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆူဇူကီးဖလား ပွဲ၌ အောင်ပွဲရ ရေးဖြစ်ကြောင်း၊ ပြည်ပသို့ ခြေစမ်းပွဲများ သွားကစားဖို့ ရှိသလို ပြည်တွင်းတွင်လည်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ပြုလုပ်ပြီး အကောင်းဆုံး ပြင်ဆင်သွားရန်ရှိကြောင်း၊ ယူ၂၀-ယူ၂၃ နှင့် လိဂ်ပြိုင်ပွဲသည် အကောင်းဆုံး ကစားသမာများ နှင့် စုဖွဲ့ထားကြောင်း၊ ပြိုင်ပွဲမတိုင်မီ အနည်းငယ်တော့ အပြောင်းအလဲ ရှိလာဦးမည် ဖြစ်ကြောင်း ဂတ် ဖရိုင်းဒရစ် ဆီဇီ ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.