Politics
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ် သံအမတ်ကြီး Ms. Ma Jia တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ မေ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဒုတိယသမ္မတသစ် ဦးညိုစောနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia သည် မေ ၁၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ( မေ ၂၀ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က ဦးညိုစောအား ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” မူဘောင်၏ အဓိကအစီအစဉ် အချက်အလက်များကို မိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်နှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် ချိတ်ဆက်မှုများကို မြှင့်တင်ရန်၊ “Belt and Road” ကို အရည်အသွေးမြင့် ပူးတွဲတည်ဆောက်ရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး စသည့်ကဏ္ဍစုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ရလဒ်သစ်များ ပိုမိုရရှိစေကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးလိုကြောင်း သံအမတ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံမှ ရေရှည်ပံ့ပိုးကူညီပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အတူ ထိပ်ပိုင်းခေါင်းဆောင်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်ရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို မြှင့်တင်ရန်၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်ရန်၊ ကဏ္ဍစုံတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်၊ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ ပူးတွဲတည်ဆောက်သွားရန် မျှော်လင့်ကြောင်း ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Mr. Shen Dan တို့ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။(Xinhua)
