Connect with us

Social

မဲခေါင်-လန်ချန်းဒေသရှိ သစ်သီးဝလံများကုန်သွယ်မှု တိုးတက်ရေးအတွက် အပင်ပိုးမွှားကင်းရှင်းရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေးလုပ်ငန်းများ တိုးတက်မြှင့်တင်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မဲခေါင်-လန်ချန်းဒေသရှိ သစ်သီးဝလံများကုန်သွယ်မှု တိုးတက်ရေးအတွက် အပင်ပိုးမွှားကင်းရှင်းရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေးလုပ်ငန်းများ တိုးတက်မြှင့်တင်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဥ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ၊ ထိုင်း၊ တရုတ်နယ်စပ် မဲခေါင်-လန်ချန်းဒေသရှိ သစ်သီးဝလံများ ကုန်သွယ်မှု တိုးတက်ရေးအတွက် အပင်ပိုးမွှားကင်းရှင်းရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေးလုပ်ငန်းများ တိုးတက်မြှင့်တင်ရေးစီမံကိန်း၏ စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ (စက်တင်ဘာ ၂၈ ရက် ) နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ သီးနှံကာကွယ်ရေးဌာနခွဲမှ ဆောင်ရွက်သော အပင်ပိုးမွှားကင်းရှင်းရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေး လုပ်ငန်းများတိုးတက်မြှင့်တင်ရေး စီမံကိန်းများ ရှင်းလင်းတင်ပြခြင်း၊ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ စီမံကိန်းဆိုင်ရာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရလဒ်များကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပင်ပိုးမွှားကင်းရှင်းရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံစိတ်ချရေး လုပ်ငန်းများတိုးတက်မြှင့်တင်ရေး စီမံကိန်းကာလအတွင်း လယ်ယာထွက်ကုန်ဆိုင်ရာ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် ၁၄၀ ဦးကို အသိပညာဗဟုသုတများမျှဝေနိုင်ခဲ့ပြီး တရုတ်နိုင်ငံမှ ပညာရှင် ၄ ဦးနှင့် ထိုင်းနိုင်ငံမှ ပညာရှင် ၄ ဦးဖိတ်ခေါ်ပြီး သီးလုံးဖောက်ပိုးကာကွယ်နှိမ်နင်းရေးစနစ်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံတကာနည်းပညာပေး သင်တန်းများ ဆောင်ရွက်ခဲ့ပြီး
ဝန်ထမ်းများကို နည်းပညာစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊တောင်သူများစိုက်ပျိုးသည့် သီးနှံများပိုးမွှားပါဝင်မှု စစ်ဆေးမှုကို ပြည်ပနိုင်ငံဓာတ်ခွဲခန်းများသို့လည်း ပေးပို့ပြီး စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။မြန်မာနိုင်ငံရှိ သီးနှံများကို စစ်ဆေးရန် မြန်မာနိုင်ငံ၌ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ ဓာတ်ကြွင်းစစ်ဆေးရေးဓာတ်ခွဲခန်းတစ်ခုကို မကြာမီက ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ အဆိုပါ သီးနှံဓာတ်ကြွင်းစစ်ဆေးရေး ဓာတ်ခွဲခန်းကို နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

” အရင် သီးနှံတွေကို ပြည်ပနိုင်ငံသို့ ပေးပို့စစ်ဆေးရာကနေ အခု မြန်မာနိုင်ငံမှာ စစ်ဆေးပေးနိုင်တဲ့ အနေအထား ရောက်လာပါပြီ၊ နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခု မြန်မာနိုင်ငံမှာ ရရှိထားပါပြီ”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆိုသည်။မဲခေါင်-လန်ချန်း စီမံကိန်းနှင့် ဆက်စပ်သည့် လုပ်ငန်းစဉ်၌ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ရရှိမှုပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။သစ်သီးဝလံများကို အဓိက နိုင်ငံတကာစျေးကွက်ကိုတင်ပို့နိုင်ရန် ပြည်တွင်း၌ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော သီးနှံစားနပ်ရိက္ခာများ အထောက်အပံ့ဖြစ်စေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

 

” ဒေသအထူးပြုစီမံကိန်းများကို ပြည်သူ့အခြေပြုပုံစံနဲ့ အကောင်အထည်ဖော်ခြင်းဟာ မြန်မာနိုင်ငံအတွက်သာမက မဲခေါင်နိုင်ငံများအားလုံး ဖွံ့ဖြိုးတိုက်တက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောသည်။မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု ခင်မင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှုတို့ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုရည်မှန်းချက်များကို တက်ညီလက်ညီ အကောင်အထည်ဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ကြောင်း၊ မဲခေါင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် ဆက်လက် လည်ပတ်စေလိုပြီး သိသာထင်ရှားသော ရလဒ်များ ရရှိစေလိုကြောင်း ၎င်းကဆိုသည်။အလုပ်ရုံ ဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ (Xinhua)