Connect with us

Africa & Middle East

ကဘူးလ် ဆန္ဒပြမှုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆၁ဦးအထိ မြင့်တက်လာကြောင်း တရားဝင် ထုတ်ပြန်

ကဘူးလ်မြို့ ဆန္ဒပြပွဲ အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဇူလိုင် ၂၃ က ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ အတွင်း ဗုံးပေါက်ကွဲခဲ့မှု ကြောင့် အနည်းဆုံး ၆၁ဦးသေဆုံးပြီး ၂၀၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Ismahil Qawossi က “ နောက်ဆုံးရရှိတဲ့ သတင်း အရ သေဆုံးသူ ၆၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၀၇ ဦး ရှိလာပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြို့အနှံ့မှာရှိတဲ့ ဆေးရုံတွေဆီ ရွှေ့ပြောင်းပေးနေရတဲ့အတွက် သေဆုံးသူ နဲ့ ဒဏ်ရာရရှိသူ အရေအတွက် ပိုမိုများပြား လာမှာကို စိုးရိမ်မိပါတယ်”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။
ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက မဟာလျှပ်စစ်ဓါတ်အားလိုင်း လမ်းကြောင်း ပြောင်းရွှေ့ခြင်းအပေါ် ဆန့်ကျင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြနေစဉ် ဇူလိုင်လ ၂၃ ရက် နေ့လည်ခင်းလောက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှု ဇစ်မြစ်ကို မသိရှိသေးသော်လည်း သတင်းအရင်းအမြစ်တစ်ခု က အသေခံဗုံးဖောက်ခွဲမှု တစ်ခု ဖြစ်ကြောင်း၊ အသေခံဗုံးဖောက်ခွဲသူ နောက်တစ်ဦးအား ဖောက်ခွဲမှု မပြုလုပ်နိုင်ခင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အသေပစ်ခတ် တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ တိုက်ခိုက်မှု အား IS စစ်သွေးကြွ အုပ်စုမှပြုလုပ်ကြောင်း သိရသည်။ တာလီဘန် စစ်သွေးကြွများကလည်း ၎င်းတို့၏ လုပ်ဆောင်ချက်မဟုတ်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းရုပ်သံလိုင်းများ ၏ ထုတ်လွှင့်မှုအရ အာဖဂန်နိုင်ငံသား ရာပေါင်းများစွာသည့် ဆေးရုံများရှေ့၌ ဓါးစားခံများအတွက် သွေးလှူဒါန်းရန် တန်းစီစောင့်ဆိုင်းနေကြကြောင်း သိရသည်။
အာဖဂန်နစ္စတန် သမ္မတ Mohammad Ashraf Ghani က “ကဘူးလ်မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု အတွင်း သေဆုံးသွားသူများအတွက် အလွန်ပဲ ဝမ်းနည်းရပါတယ်။ အာဖဂန်နိုင်ငံသားတိုင်းမှာ ဆန္ဒပြ ပိုင်ခွင့်ရှိပြီး အစိုးရအနေနဲ့လဲ ဆန္ဒပြသူများ၏ လုံခြုံရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပေးထားသော်လည်း အကြမ်းဖက်သမားများက ဆန္ဒပြလူစုထဲ ဝင်ရောက်ကာ ဖောက်ခွဲခဲ့၍ နိုင်ငံသားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
သမ္မတ က အစိုးရ အာဏာပိုင်များ နှင့် အဖွဲ့အစည်းများအား ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများထံ လိုအပ်သည့် ထောက်ပံ့မှုများ ရောက်ရှိရန် နှင့် ထိခိုက်ဒဏ်ရာရရှိသူများ အား ပစ္စည်းကိရိယာ စုံလင်သည့် ဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်ပေးရန် ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်၌ အာဖဂန် သမ္မတ အနေဖြင့် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသူများ၏ မိသားစုများနှင့် အတူ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.