Connect with us

Africa & Middle East

ဂူလန်နှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိသူ တူရကီက ပြည်သူ့ ဝန်ထမ်း ၄,၀၀၀ နီးပါး ရာထူးမှ ဖယ်ရှားခံရ

ဂူလန်နှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဧပြီလ ၃၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်က အာဏာသိမ်းရန်ကြိုးပမ်းခဲ့သော ဂူလန် လှုပ်ရှားမှုတွင် ပါဝင်ကြောင်း စွပ်စွဲခံရသည့် ပြည်သူ့ဝန်ထမ်း ၃,၉၇၄ ဦးကို ရာထူးမှ ဖယ်ရှားခံရကြောင်း တူရကီ တရားဝင် ဂေဇက်သတင်းစာက ဧပြီလ ၂၉ ရက် နှောင်းပိုင်းတွင် ကြေညာလိုက်သည်။

အဆိုပါ အမိန့်အရ ဂူလန်လှုပ်ရှားမှုနှင့် ဆက်စပ်မှုရှိသည့် ဖောင်ဒေးရှင်း ၁၈ ခု၊ အသင်းအဖွဲ့ ၁၄ ခုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်း ၁၃ ခုတို့ကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ရာထူးမှ ဖယ်ရှားခံရသည့် ပြည်သူ့ ဝန်ထမ်းများမှာတူရကီ လွှတ်တော်၊ တရားရုံးချုပ်၊ ရွေးကောက်ပွဲ အဆင့်မြင့် ဘုတ်အဖွဲ့၊ တရားသူကြီးနှင့် ရှေ့နေ့များ အဆင့်မြင့် ဘုတ်အဖွဲ့၊ ဘာသာရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ တရားရေး၊ စွမ်းအင်၊ ပြည်ထဲရေး စသည့် ဝန်ကြီးဋ္ဌာနများနှင့် အခြား ပြည်နယ် အဖွဲ့အစည်းများမှ ပြည်သူ့ ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

ယင်း တစ်နေ့တည်းမှာပင် မတူညီသည့် အမိန့်ပေါင်းများစွာ ထုတ်ပြန်ခဲ့ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဘာသာရေးခေါင်းဆောင် ဖာသူလာ ဂူလန်အား ၂၀၁၆ ခုနှစ်တွင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့သူအဖြစ် တူရကီ အစိုးရက စွပ်စွဲထားခဲ့သည်။ ယင်းသို့ မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် အနည်းဆုံး လူပေါင်း ၂၄၁ ဦး သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းမှု နောက်ဆက်တွဲအနေဖြင့် တူရကီ အစိုးရသည် ဂူလန် ထောက်ခံသူများကို အကြီးအကျယ် ဖြိုခွင်းခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ပြည်သူ့ ဝန်ထမ်း ထောင်ပေါင်းများစွာ ရာထူးမှ ဖယ်ရှားခံရခြင်း သို့မဟုတ် သက်ဆိုင်ရာ အလုပ်များမှ ဆိုင်းငံ့ခံရခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)