Connect with us

Africa & Middle East

ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ဓားစာခံ ကယ်တင်မှုအတွင်း ၅ ဦးသေဆုံး ၊ အများအပြား ဖမ်းဆီးခံရ 

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ရှိ Modise ဘုရားကျောင်း၌ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တရားခံများအား ဖမ်းဆီးထားသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျိုဟန်နက်စ်ဘတ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့အနောက်ပိုင်း Zuurebekom မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက ဘုရားကျောင်းအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်မှု ပြုလုပ်စဉ် အနည်းဆုံး လူပေါင်း ၅ ဦးသေဆုံးပြီး ၄၀ ကျော်ဖမ်းဆီး ခံရကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့(SAPS) က ဆိုသည်။

“ လက်နက်တွေကိုင်ထားတဲ့ လူအုပ်စုတစ်ခုဟာ Modise ဘုရားကျောင်းကို ရောက်ရှိလာပြီး အထဲမှာ ရှိနေတဲ့ လူအများအပြားကို တိုက်ခိုက်ခဲ့တယ် ၊ အဲဒီလက်နက်ကိုင်ထားတဲ့လူတွေဟာ ဘုရားကျောင်းပုရဝဏ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ရောက်ရှိလာခဲ့ကြတာပါ” ဟု တောင်အာဖရိကအမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Vishnu Naidoo ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

လူ ၄ လေးဦး သေနတ်ထိမှန်ပြီး ကားတစ်စီးထဲတွင် မီးလောင်ကျွမ်းသေဆုံးနေသူကိုတွေ့ရှိခဲ့ရကြောင်း ၊ ငါး ဦးမြောက် သေဆုံးခဲ့ရသူမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် လက်နက်ကိုင်များစီးနင်းထားသည်ဟု တိုင်ကြားမှုရှိရာ ဘုရားကျောင်းသို့ ယင်း၏ မော်တော်ကားဖြင့် ဝင်ရောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံသယတရားခံ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ရိုင်ဖယ် နှင့် ပစ္စတိုသေနတ် အပါအဝင် လက်နက်မျိုးစုံ ၃၄ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။“ ဒီစစ်ဆင်ရေးမှာ ဘုရားကျောင်းပုရဝဏ်ထဲ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၊ အမျိုးသမီး နဲ့ ကလေး များစွာကို ကယ်တင်နိုင်ခဲ့ပါတယ် ” ဟု Naidoo က ဆိုသည်။

ယင်းဖြစ်စဉ်သည် ကာလရှည်ကြာစွာ အငြင်းပွားမှုဖြစ်ပွားနေသည့် ဘုရားကျောင်းရှိ လူအုပ်စု အဖွဲ့နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားရာမှ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ယင်းဘုရားကျောင်းပြင်ပ၌ လူအုပ်စုနှစ်ဖွဲ့အကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ လူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရသည်။ ယင်းလူအုပ်စုနှစ်ခုအကြား အငြင်းပွားမှုသည် ဘုရားကျောင်းအကြီးအကဲ နှင့် တည်ထောင်သူ Glayton Modise သေဆုံးခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117