Connect with us

Africa & Middle East

အာဖဂန်အရှေ့ပိုင်းတွင် ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၇ဦးသေဆုံး


ဂျာလာလာဘတ်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နမ်ဂါနာပြည်နယ် မြို့တော် ဂျာလာလာဘတ်မြို့ တွင် မေ ၁၃ရက်က ပေါက်ကွဲမှု ၂ ခု နှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမား တစ်ဦး အပါအဝင် အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသေခံဗုံးများ တပ်ဆင်ထားသော အင်္ကျီများဝတ်ဆင်ထားသည့် စစ်သွေးကြွများ နှင့် သေနတ်များ ကိုင်ဆောင်ထားသော စစ်သွေးကြွများသည် ပြည်နယ်အစိုးရ၏ အကောက်ခွန် နှင့် ဘဏ္ဍာရေး ဌာန အား မေလ ၁၃ ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျာလာလာဘတ်မြို့ ရှိ အကောက်ခွန် နှင့် ဘဏ္ဍာရေး ဌာန တိုက်ခိုက်ခံရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုများ ဖြစ်ပွားပြီးမကြာမီပင် အာဖဂန်အထူး တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး မေလ ၁၃ ရက် နေ့လည်ပိုင်းအထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေး မြင့်တက်လာနိုင်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။တရားဝင်ထုတ်ပြန်ချက်များ မထွက်ပေါ်လာသေးသော်လည်း ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဆက်လက်ထွက်ပေါ်လာနေကြောင်း သိရသည်။ယင်းတိုက်ခိုက်မှုများ မည်သည့် အုပ်စုက လုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။တာလီဘန် စစ်သွေးကြွများ နှင့် IS စစ်သွေးကြွအုပ်စု၏ အစွယ်အပွားများသည် မြို့တော် ကဘူးလ်မြို့ အရှေ့ဘက် ၁၂၀ကီလိုမီတာခန့်အကွာရှိ နမ်ဂါနာပြည်နယ်အတွင်း ရှိနေသေးကြောင်း သိရသည်။ (Xinhua)