Connect with us

Africa & Middle East

အာဖဂန် တောင်ပိုင်း ပေါက်ကွဲမှုများဖြစ်ပွား၊ တစ်ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်း ထွက်ပြေးလာသည့် ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် မေလ ၁၆ ရက် ညပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အရပ်သား တစ်ဦး သေဆုံးကာ ပြည်သူ တစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က မေလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

“မေလ ၁၆ ရက် ဒေသစံတော်ချိန် ည ၈း၃၀ နာရီအချိန်က Chaok-e-Madad နယ်မြေမှာ ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပြီးတော့ အဲဒီနေရာကို ရဲတွေ စစ်ဆေးဖို့ ရောက်သွားတဲ့အချိန် မိနစ်အနည်းငယ် အကြာမှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ” ဟု ပြောခွင့်ရပုဂ္ဂိုလ် ဆမ်မင်း ကစ်ပယ်ဝက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအနက် ရဲအရာရှိ သုံးဦးနှင့် အရပ်သား ကိုးဦး ပါဝင်ခဲ့ပြီး အာဖဂန် မြို့တော် ကဘူးလ် တောင်ဘက် ၄၅၀ ကီလိုမီတာအကွာရှိ ကန်ဒါဟာမြို့မှ Mirwais ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော လများအတွင်းက တာလီဘန်များ တပ်စွဲထားသော ကန်ဒါဟာပြည်နယ်အတွင်း နေရာများစွာ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေရေး၊ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး အခြေအနေများ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ကြေညာထားခြင်း မရှိသေးသော်လည်း ယခင်က အလားတူ တိုက်ခိုက်မှုမျိုး တာလီဘန် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့ဖူးသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.