Connect with us

Africa & Middle East

အီရန် လေသံအရ အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှု စတင်ရန် ခဲယဉ်း

အီရန် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်က ပိတ်ဆို့မှုများကို ဖျက်သိမ်း၍ အီရန်နျူကလီးယား သဘောတူညီချက်တွင် ပြန်လည်ပါဝင်မည်ဆိုပါက အီရန်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားလိုကြောင်း အီရန် သမ္မတ ရိုဟာနီက ဇူလိုင် ၁၄ ရက်တွင် ရုပ်မြင်သံကြားမှ တစ်ဆင့်ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်ရှိတင်းမာမှုအခြေအနေများ ပြေလျော့သွားစေရန် အမေရိကန်-အီရန်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် အီရန်က အမေရိကန်ကို တန်ပြန်ပိတ်ဆို့မှုများ တစ်ဆတစ်ဆ တိုးမြှင့်ဆောင်ရွက် နေသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်ခြေများကို ပိတ်ဆို့ရပ်တန့်သွားအောင် အီရန်က မလုပ်ဆောင်သေးပေ။ သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရန် အကြိုတောင်းဆိုချက်ကမူ အီရန်နှင့်အမေရိကန်အကြား ညှိနှိုင်းရန် ခဲယဉ်းနေသောကြောင့် ဆွေးနွေးမှု ပြန်လည်စတင်ရန်မှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ဟု ဝေဖန်သုံးသပ်သူအချို့က မှတ်ချက်ပေးနေကြသည်။

“ကျွန်တော်တို့က ဆွေးနွေးညှိနှိုင်းမှုကို အမြဲယုံကြည်တယ်။ အမေရိကန်က ပိတ်ဆို့မှုတွေဖျက်သိမ်းမယ်၊ စီးပွားရေးဖိအားပေးမှုတွေကို ရပ်တန့်မယ် ၊ နျူကလီးယား သဘောတူညီချက်ထဲပြန်လည်ပါဝင်မယ်ဆိုရင် ကျွန်တော်တို့က အခုပဲ နေရာမရွေးအချိန်မရွေး သူတို့နဲ့ တွေ့ဆုံဆွေးနွေးလို့ရတယ်။”ဟု ရိုဟာနီ က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ထိုပြောကြားချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို က နောက်ဆုံး အဆုံးအဖြတ်ကို သမ္မတ ထရမ့်က ပေးမည်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အိုဘားမားအစိုးရ၏ အီရန်နျူကလီးယား သဘောတူညီချက်က ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ် ကို နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်ကို လာရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ၎င်းနှင့်၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ နယူးယောက်တွင် လှုပ်ရှားသွားလာမှုများ ကန့်သတ်ခံရမည်ဖြစ်ကြောင်း မိုက်ပွမ်ပီယို က ဆိုသည်။

ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ သုံးနိုင်ငံ ခေါင်းဆောင်များကလည်း ဇူလိုင် ၁၄ ရက်တွင် ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနေဖြင့် ပင်လယ်ကွေ့ဒေသ တင်းမာမှုအခြေအနေ အဆက်မပြတ် မြင့်တက်နေခြင်းနှင့် အီရန်နျူကလီးယားသဘောတူညီချက် ပြိုကွဲမည့် အန္တရာယ်ကို အထူးစိုးရိမ် ကြောင်း ၊ အမေရိကန်နှင့် အီရန်အကြားဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သို့သော်လည်း အီရန်အပေါ် ပိတ်ဆို့မှုများကို အမြန်ဆုံး ကျယ်ကျယ်ပြန့်ပြန့်တိုးမြင့်လုပ်ဆောင်သွား မည်ဟု ထရမ့်က ဇူလိုင် ၁၀ ရက် ၎င်း၏ တွစ်တာ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

အီရန်၏ဆွေးနွေးရန် အကြိုတောင်းဆိုချက်မှာ ပိတ်ဆို့မှုများ အမေရိကန် ဖျက်သိမ်းပေးရန်ဖြစ်ပြီး အမေရိကန်ကမူ ဆွေးနွေးမှုစကားဝိုင်းသို့ အီရန် ရောက်ရှိလာစေရန် ပိတ်ဆို့ဖိအားပေးသည့် နည်းလမ်းကို တောက်လျှောက် လက်ကိုင် ကျင့်သုံးနေခြင်းဖြစ်ရာ အပြန်အလှန်လက်မခံနိုင်စရာ တောင်းဆိုချက်များ ဖြစ်နေသောကြောင့် ဆွေးနွေးမှုဖြစ်မြောက်ရန် ခဲယဉ်းမည်ဟု အမေရိကန်ရေးရာ ပညာရှင် ဆွန်ချန်ဟောက် က ဆိုသည်။

နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ အီရန်ရေးရာ တာဝန်ခံ အာလီဗားရပ်(Ali Vaez)က အမေရိကန် သဘောထားတင်းမာသူများက အချိန်မကျမီ အီရန်အပေါ် ပိတဆို့များကို မဖြေလျှော့ပေးရန် တောင်းဆိုလျက်ရှိသည်ဟု ယူဆရကြောင်း ဆိုသည်။

ထရမ့်အစိုးရအနေဖြင့် အီရန်အပေါ်ထားရှိသည့် ပေါ်လစီများသည် ရေတိုကာလအတွင်း ပျော့ပျော့ပျောင်းပျောင်း ရှိအုန်းမည်မဟုတ်သလို အခြားနည်းလမ်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ကလည်း လတ်တလောတွင် ရှိသေးမည်မဟုတ်ဟု ဆွန်ချန်ဟောက်က မှတ်ချက်ပြု သည်။ အထူးသဖြင့် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရှင်းရခက်သည့်အရှုပ်တော်ပုံကြီး ဖြစ်သွားမည်ကို ရှောင်ရှားသည့်အနေဖြင့် ထရမ့်အစိုးရက အီရန်အပေါ် တင်းမာသည့် စစ်ရေး နည်းလမ်းကို အလွယ်တကူ သုံးမည်မဟုတ်ကြောင်း ၊ နောက်ဆက်တွဲအနေဖြင့် စီးပွားရေးပိတ်ဆို့မှုသည်သာ အမေရိကန်၏ အဓိက နည်းလမ်းဖြစ်နိုင်ကြောင်း ဆိုသည်။

အမေရိကန် အစိုးရသည် လွန်ခဲ့သည့်နှစ် မေလ တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန် အပေါ်ပိတ်ဆို့မှုများ တစ်ဆတစ်ဆ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ယင်းအား တုံ့ပြန်သည့်အနေဖြင့် အီရန်က ယခုနှစ် မေလ ၈ ရက်တွင် အီရန်နျူကလီးယား သဘောတူညီချက်ပါအကြောင်းအရာအချို့ကို ရပ်နားမည်ဖြစ်ကြောင်း၊ Heavy water(D2O)နှင့် အားပြည့် ယူရေနီယံ(Enriched Uranium)ကို ပြည်ပသို့ ထပ်မံရောင်းချမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ ဇူလိုင် ၁ ရက်တွင် သဘောတူညီချက်တွင် ကန့်သတ်ထားသည့် အဆင့်နိမ့်ယူရေနီယံ(LEU) သိုလှောင်မှုပမာဏ ၃၀၀ ကီလိုဂရမ် ကျော်ပြီဖြစ်ကြောင်း ၊ ဇူလိုင် ၈ ရက်တွင် ယူရေနီယံ သန့်စင်မှုသည် ကန့်သတ်ထားသည့် ၃.၆၇ ရာခိုင်နှုန်း ကျော်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.