Connect with us

Asia

အာဆီယံ နှင့် ဟောင်ကောင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ရေးထိုး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နိုဝင်ဘာ၁၂ရက်က ပြုလုပ်ခဲ့သည့် အာဆီယံ-ဟောင်ကောင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တို့သည် နိုဝင်ဘာ ၁၂ ရက်တွင် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုအား အထောက်အကူပြုရန် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်တစ်ခု နှင့် ဆက်စပ်သဘောတူညီချက်တစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်ရေး နှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်များအရ အာဆီယံ နှင့် ဟောင်ကောင် အကြား အပြန်အလှန် ဈေးကွက် ထိုးဖောက် ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်လာခြင်း၊ စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း၊ နှစ်ဘက် အကြား အပြန်အလှန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုမြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး Edward Yau က ယင်းသဘောတူညီချက်များသည် ဟောင်ကောင်လုပ်ငန်းရှင်များအတွက် စီးပွားရေးကဏ္ဍရှိ အတားအဆီး အခက်အခဲများကို လျှော့ချပေးနိုင်ပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ကျယ်ပြန့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံသည် ဟောင်ကောင်ဒေသ၏ ဒုတိယအကြီးဆုံးသော ကုန်စည်ရောင်းဝယ်ရေး ကုန်သွယ်ဖက်ဖြစ်ပြီး ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုတွင်လည်း စတုတ္ထမြောက်အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ကြောင်း သိရသည်။

Yau က အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ စီးပွားရေးနိုင်ငံများဖြစ်ပြီး အရှေ့တောင်အာရှ ရှိ အဓိကစီးပွားရေးနိုင်ငံများအပေါ် ဟောင်ကောင်၏ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက် လွှမ်းခြုံနိုင်ရန် သဘောတူညီချက်များက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်ဒေသနှင့် အာဆီယံတို့သည် လွတ်လပ်စွာကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၄ခုနှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ခုနှစ် စက်တင်ဘာလတွင် ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း နှစ်ဖက်စလုံးကကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.