Connect with us

Asia

ဂွန်နီ မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံးလူ ၁၀ ဦးသေဆုံး ၊ ၃၉၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်

ဖိလစ်ပိုင်နိုင်ငံ Albay ပြည်နယ်တွင် ဂွန်နီမုန်တိုင်းတိုက်ခတ်ပြီးနောက် အပျက်အစီးများအား ကြည့်နေသည့်လူငယ်တစ်ဦးကို နိုဝင်ဘာ ၁ ရက်ကတွေ့ရစဉ်( ဓာတ်ပုံ-Str/Xinhua)

မနီလာ ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

နိုဝင်ဘာ ၁ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အဓိက ကျွန်းကြီးဖြစ်သော Luzon ကျွန်းပေါ်တွင် ဖြတ်သန်းတိုက်ခတ်သွားသည့် ဂွန်နီတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေကြောင်း ပြည်သူ့ကာကွယ်ရေးရုံး(OCD) ၏ ပြောကြားချက်အရ သိရသည်။

Luzon ဒေသ၏ တောင်ဘက်အစွန်ပိုင်း မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသည့် ဘီကိုလ်(Bicol) ရှိ ပြည်သူ့ကာကွယ်ရေးရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် မုန်တိုင်းကြောင့် Albay ပြည်နယ်အတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း နှင့် ဒေသစံတော်ချိန် ၄ နာရီ ၅၀ မိနစ်တွင် စူပါ တိုင်ဖွန်မုန်တိုင်း ကျွန်းပေါ်ဝင်ရောက်ခဲ့သည့် Catanduanes ကျွန်းပေါ်တွင်လည်း သေဆုံးသူ တစ်ဦးရှိကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် Albay ပြည်နယ် Guinobatan မြို့တွင် လူသုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးရုံး(OCD) ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ဂွန်နီမုန်တိုင်းကြောင့် လူပေါင်း ၃၉၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ယင်းတို့အနက် လူပေါင်း ၃၄၅,၀၀၀ ကျော်သည် အစိုးရ၏ ကယ်ဆယ်ရေးစခန်းများတွင် ယာယီခိုလှုံနေရကြောင်း OCD ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂွန်နီသည် စူပါမုန်တိုင်းတစ်လုံးဖြစ်ပြီး ၎င်းသည် ကျွန်းပေါ်သို့ ပထမဆုံးစတင်ဝင်ရောက် တိုက်ခတ်စဉ် လေတိုက်နှုန်းသည် တစ်နာရီ လျှင် ၂၂၅ ကီလိုမီတာအထိရှိခဲ့ပြီး အပြင်းထန်ဆုံးအချိန်၌ တစ်နာရီလျှင် ၃၁၀ ကီလိုမီတာ အထိ ရောက်ရှိခဲ့ကြောင်း ဆိုသည်။ ဘီကိုလ်ဒေသတွင် ရေကြီးရေလျှံမှုများ နှင့် ရွံ့နွံပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ဒေသ ၁၇ ခုအနက် ၁၂ ခုအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မုန်တိုင်းစတင်တိုက်ခတ်ပြီးနောက် နာရီအနည်းငယ်ကြာတွင် ၎င်းသည် Luzon ကျွန်းတစ်ခုလုံးကို တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ အင်အားအလွန်ပြင်းထန်သော အပူပိုင်းမုန်တိုင်းသည် တောင်တရုတ်ပင်လယ်ထဲသို့ ဦးတည်ဝင်ရောက်ချိန်တွင် အင်အားလျော့ကျသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ တိုက်ခတ်ခဲ့သော ၁၈ လုံးမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ယင်းမတိုင်မီ ယခုရက်သတ္တပတ်အစောပိုင်းက တိုက်ခတ်ခဲ့သော Molave တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့သလို အဆောက်အဦပေါင်းများစွာလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်မိုးလေဝသဗျူရိုက Luzon ကွျန်းမှ အရှေ့ဘက် ၁,၃၆၅ ကီလိုမီတာအကွာ ပစိဖိတ်သမုဒ္ဒရာထဲတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်း Atsani ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တိုင်ဖွန်းနှင့်အပူပိုင်းမုန်တိုင်းများသည် ဖိလစ်ပိုင်နိုင်ငံတွင် ဇွန်လမှ ဒီဇင်ဘာလအထိ နှစ်စဉ်ပုံမှန်တိုက်ခတ်လေ့ရှိပြီး ယင်းမုန်တိုင်းများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာဘီလီယံချီ ရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်ကြောတွင်တည်ရှိနေပြီး မီးတောင်ပေါက်ကွဲခြင်း ၊ မကြာခဏငလျင်လှုပ်ခြင်း နှင့် ရေကြီးမှု နှင့် မြေပြိုမှုများ ဖြစ်ပေါ်စေတတ်သည့် ပျမ်းမျှ တစ်နှင်လျှင် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်ခြင်းခံနေရသည့် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဖိလစ်ပိုင်ငွေ ပီဆို ၄၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆ ဘီလီယံ) အထိရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံစာရင်းအင်းအာဏာပိုင်အဖွဲ့(PSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.