Connect with us

Asia

ဆင်ဟွာသတင်းဌာန၏ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်း သတင်း ၁ဝ ပုဒ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ဝ ရက်တွင် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)၌ မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ထိပ်တန်း သတင်း ၁ဝ ပုဒ်ကို အောက်တွင် အစဉ်လိုက် ဖတ်ရှုနိုင်ပါသည်။

အမေရိကန်ကုန်သွယ်ရေးအခွန်တိုးမြှင့်မှုက ကဏ္ဍစုံကုန်သွယ်ရေးစနစ်ကို ထိခိုက်မှုရှိ

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် ၎င်း၏ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများမှတင်သွင်းသော သံမဏိ နှင့် အလူမီနီယံ သွင်းကုန်များအပေါ်တွင်လည်း အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ် မတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည် ကုန်သွယ်ရေးအငြင်းပွားမှုများကို တစ်ရစ်ပြီးတစ်ရစ် ဖြစ်ပေါ်စေခဲ့ပြီး ကဏ္ဍစုံကုန်သွယ်ရေးစနစ်အခြေခံစည်းမျဉ်းများ နှင့် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးစနစ်အပေါ် ယုံကြည်မှု ကျဆင်းစေခဲ့သလို အခြားသောနိုင်ငံများ၏ တန်ပြန်တုံ့ပြန်မှုများ နှင့် ဝေဖန်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

တရုတ်နိုင်ငံက ကမ္ဘာကြီးနှင့်အတူ ရှေ့ဆက်ရန် တံခါးဖွင့်မှုများ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ဝ ရက်တွင် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia) ၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် တံခါးဖွင့်မှုကို ရှေ့ဆက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီး ၎င်းသည် နိုဝင်ဘာလက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် တရုတ်-နိုင်ငံတကာ သွင်းကုန်ပြပွဲသို့တက်ရောက်ခဲ့သည်။

ဒီဇင်ဘာလတွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် နှစ် ၄ဝ ပြည့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ခြင်း နှစ်ပတ်လည်နေ့အခမ်းအနားသို့သမ္မတရှီတက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းနှင့်အတူ လူမှုအသိုင်းအဝန်းတစ်ခုအတွက် တွန်းအားပေးခြင်း နှင့် ရှေ့ဆက်တံခါးဖွင့်ခြင်းကို စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

တံခါးဖွင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်တစ်ခု တည်ဆောက်ရန် နိုင်ငံတကာအသိုင်းအဝန်းက ကြိုးပမ်းအားထုတ်မှုအတွင်း တရုတ်နိုင်ငံ၏ ရှေ့ဆက် တံခါးဖွင့်ခြင်းကို ခွန်အားအပြည့်ဖြင့် ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဆောင်သွားမည့် သတင်းစကားကို ထပ်မံအသိပေးပြောကြားခဲ့သည်။

ယင်းမှာ နိုဝင်ဘာ ၁၇-၁၈ ရက်များတွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု(APEC) ခေါင်းဆောင်များအစည်းအဝေးတွင် ဒေသတွင်းစီးပွားရေးတံခါးဖွင့်ရေး တည်ဆောက်မှုတစ်ခုပြုလုပ်ရန် ကြိုးပမ်းအားထုတ်ချက်အပေါ် ရှီက ထပ်လောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံတွင် နိုဝင်ဘာ ၃၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပခဲ့သည့် (G20) ထိပ်သီးအစည်းအဝေး၌ တံခါးဖွင့်မှု ၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ကုန်သွယ်ရေးကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်လက်ကတိကဝတ်ပြုရန် ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အခြေအနေတိုးတက်မှုများရှိ သော်လည်း စိန်ခေါ်မှုများစွာ ကျန်နေဆဲ

၂ဝ၁၈ ခုနှစ် ဧပြီ ၂၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် စစ်မဲ့ဇုံ နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းရှိ ပန်မွန်ဂျုံးနယ်စပ်ရွာသို့သွားရောက်၍ တောင်ကိုရီးယားနိုင်ငံသမ္မတနှင့်အတူ သမိုင်းဝင် ထိပ်သီးအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

ကင်ဂျုံအန်သည် တရုတ်နိုင်ငံသို့သုံးကြိမ်တိတိလာရောက်လည်ပတ်ခဲ့ခြင်းနှင့်အတူ ကိုရီးယားကျွန်းဆွယ်၏အခြေအနေသည် ယခုနှစ်တွင် အကောင်းဖက်သို့ဦးတည်ပြောင်းလဲမှုတစ်ခု ရှိခဲ့ပြီး တောင်-မြောက်ထိပ်သီးအစည်းအဝေး သုံးကြိမ်အထိ ကျင်းပနိုင်ခဲ့သည်။

ဇွန် ၁၂ ရက်တွင် ပထမဆုံးအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့စင်ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး နှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ဘုံသဘောတူညီမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ကိုရီးယားကျွန်းဆွယ်သည် ထိပ်တိုက်ရင်ဆိုင်မှုမှ တွေ့ဆုံဆွေးနွေးရေးသို့အလှည့်အပြောင်းဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားသော ကိစ္စရပ်များနှင့်အတူ ဒဏ်ခတ်ပိတ်ဆို့မှုများ နှင့် နျူကလီးယားဖျက်သိမ်းရေး ကိစ္စများအပေါ် အမြင်မတူကွဲပြားမှုများ ရှိနေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိန်ခေါ်မှုများ ကျန်ရစ်နေဆဲဖြစ်သည်။

အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးပြဿနာ တစ်ကျော့ပြန် ဦးမော့လာ

၂ဝ၁၈ ခုနှစ် မေ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံရှိ ၎င်း၏ သံရုံးကို ဂျေရုစလမ်မြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ ယင်းလုပ်ရပ်အပေါ် ပါလက်စတိုင်းလူမျိုးများက အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကျယ်ကျယ်ပြန့် ပြန့်ရှုံ့ချခဲ့ကြပြီး ဒေသတွင်းတင်းမာမှုကို ဆိုးရွားစေခဲ့သည်။

အောက်တိုဘာလက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီသံရုံးတွင် ဆော်ဒီသတင်းသမား ဂျမာလ်ကာရှိုဂီ(Jamal Khashoggi) အသတ်ခံရသည့် ကိစ္စသည် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်ခဲ့ပြီး ပါဝင်ပတ်သက်သည့် အဓိကနိုင်ငံများအကြား ဆက်ဆံရေးတွင် အကျိုးသက်ရောက်မှုရှိခဲ့သည်။ ဒီဇင်ဘာ နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံရှိ ၎င်း၏တပ်များကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ တင်းမာမှုများ လျှော့ချရန် လုပ်ဆောင်မှုတစ်ခုဖြစ်လင့်ကစား တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပထဝီနိုင်ငံရေးကစားပွဲများသည် သက်ဆိုင်ရာနိုင်ငံပြည်တွင်း နှင့် ဒေသတွင်းပြင်ပမှ အဓိကပြိုင်ဘက်နိုင်ငံများ ပါဝင်နေခြင်းမှာ အရှေ့အလယ်ပိုင်းပြဿနာကို ပိုမိုလောင်ကျွမ်းအောင် မီးထိုးနေပြီး ပင်လယ်ကွေ့ဒေသအနာဂတ်ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် အန္တရာယ်ကို ပိုမိုမြင့်မားနေစေသည်။

တရုတ်နိုင်ငံ၏အဓိကနိုင်ငံများသံတမန်ဆက်ဆံရေးတိုးမြှင့်မှုက မျက်နှာပြင်အခင်းအကျင်းသစ်ကိုဖန်တီး

၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၂ဝ၁၈ ခုနှစ်အတွက် ၎င်း၏ ပြည်ပချစ်ကြည်ရေးခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်း နှင့် အာဖရိကနိုင်ငံများသို့သွားရောက်ခဲ့သည်။ “ရှီပလိုမေစီ” အရ နိုင်ငံခြားခရီးစဉ် ၄ ခုနှင့် အဓိက ၄ နိုင်ငံတွင်ကျင်းပသည့် အခမ်းအနားများသို့တက်ရောက်ခြင်းမှာ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

၎င်းတို့အနက် တရုတ်-ရုရှား ဆက်ဆံရေးမှာ အမြင့်ဆုံးဆင့်တစ်ခုတွင် ဆက်လက်တည်ရှိနေပြီး တရုတ်- ဥရောပ ဆက်ဆံရေးကို တိုးမြှင့်ခဲ့သလို တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးအခြေအနေကိုလည်း မြှင့်တင်ခဲ့သည်။ ထို့ပြင် တောင်ပိုင်း-တောင်ပိုင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၅ဝ ကျော်သည် တရုတ်နိုင်ငံနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအပေါ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ရှီပလိုမေစီက တရုတ်နိုင်ငံအား အခြားကမ္ဘာ့နိုင်ငံကြီးများနှင့်အတူ win-win ပူးပေါင်းဆောင်ရွက်မှုကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အင်ဒိုနီးရှားငလျင်-ဆူနာမီကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ

၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေဆီပြည်နယ်၌ ပြင်းအား ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်စဉ်မှာ ယခုနှစ်အတွက် ကမ္ဘာတစ်လွှားတွင် အပြင်းအထန်ဆုံး ပေါ်ပေါက်ခဲ့သော သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်ခဲ့ပြီး လူပေါင်း ၂ဝ၇၃ ဦးသေဆုံးခဲ့ရသလို အခြား လူပေါင်း ၆၈ဝ ဦးမှာ ပျောက်ဆုံး(သို့မဟုတ်) သေဆုံး ဖြစ်ခဲ့ရသည်။ ထို့ပြင် လူပေါင်း ၁ဝ,၇ဝဝ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်း နှင့် တောင်ပိုင်းဆူမတြားကျွန်းတို့တွင် ဆူနာမီတစ်ခုဖြစ်ပေါ်ခဲ့ရာ လူ ၄၃၁ ဦးသေဆုံးခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံသို့နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများဝင်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

လက်တင်အမေရိကတိုက် နိုင်ငံရေးလမ်းပြမြေပုံရွေးကောက်ပွဲများ

၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ဘရာဇီးနိုင်ငံသမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး လက်ရှိသမ္မတဘိုလ်ဆန်နာရို (Jair Bolsonaro) ပြန်လည်ရွေးချယ်ခံသည်။ ၎င်းသည် ယခုနှစ်အတွင်း လက်တင်အမေရိကန်နိုင်ငံများဖြစ်သော ကော်စတာရီကာ ၊ ကျူးဘား၊ ပါရာဂွေး ၊ ဗင်နီဇွဲလား ၊ ကိုလံဘီယာ နှင့် မက္ကဆီကို နိုင်ငံများတွင် ရွေးချယ်ခံရသည့် နိုင်ငံ့ခေါင်းဆောင်သစ်များနှင့်အတူ လက်တွဲခွင့်ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်လာမည်။

လက်တင်အမေရိကန်နိုင်ငံရေးလမ်းပြမြေပုံသည် လက်ဝဲ-လက်ယာ ပဋိပက္ခများနှင့်အတူ မူဝါဒအကောင်အထည်ဖော်ခြင်းဆိုင်ရာ အခက်အခဲများနှင့်အတူ အရေးကြီးသော ဒေသတွင်းစုစည်းမှုဆိုင်ရာ စိန်ခေါ်မှုများဖြင့် ကြုံတွေ့ဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

မရေရာမှုများကြားက Brexit နုတ်ထွက်မှု

နိုဝင်ဘာ ၁၃ ရက်တွင်ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ(EU) မှ ဗြိတိန်နုတ်ထွက်ခြင်းဆိုင်ရာ သဘောတူညီမှုမူကြမ်း ရရှိခဲ့ပြီး ယင်းခွဲထွက်မှုအပေါ် ဗြိတိန်နိုင်ငံ၌ ပြန်လည်သုံးသပ်ရန် အတိုက်အခံပြုနေသည့်ကြားမှပင် နိုဝင်ဘာ ၂၅ ရက်တွင် အီးယူခေါင်းဆောင်များက တရားဝင်အတည်ပြုချက်ပေးခဲ့သည်။

ဒီဇင်ဘာလလယ်တွင် ဗြိတိန်ပါလီမန်၌ Brexit နုတ်ထွက်မှုအပေါ် မဲခွဲရန် နှောင့်နှေးမှုကြုံတွေ့ခဲ့ရပြီး ဝန်ကြီးချုပ်ထရီဇာမေသည် ၎င်းပါတီက ဘယ်လ်ဂျီယံနိုင်ငံနှင့်ပြန်လည်ဆွေးနွေးရန် ကြိုးပမ်းမှု ပျက်ပြယ်ခဲ့ရသည့် တစ်ရက်အလိုတွင် ၎င်းအပေါ် အယုံအကြည်မရှိကြောင်းအဆိုမဲခွဲရာ၌ အနိုင်ရရှိခဲ့သည်။

Brexit နုတ်ထွက်မှုနှင့်ဆက်စပ်သည့် အငြင်းပွားမှုများက ဗြိတိန်နိုင်ငံနှင့်ဥရောပသမဂ္ဂအကြား(သို့မဟုတ်) ဗြိတိန်နိုင်ငံအတွင်းရှိ နိုင်ငံရေးအုပ်စုများအကြား ပြိုင်ဘက်များ နှင့် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် Brexit နုတ်ထွက်မှု နောက်ဆုံးရက်ဖြစ်သော မတ် ၂၉ ရက်သို့ရောက်ရှိရန် တဖြည်းဖြည်းနီးကပ်လာသည့်တိုင် ဗြိတိန်၏ Brexit နုတ်ထွက်မှုမှာ မသေချာမရေရာမှုများဖြင့် ကြုံတွေ့နေရသည်

Yellow Vests လှုပ်ရှားမှုက ပြင်သစ်နိုင်ငံ၌ ပြဿနာများရှိနေကြောင်း ဖော်ပြနေ

နိုဝင်ဘာ ၁၇ ရက် မှ အစပြု၍ အပတ်စဉ် ရက်သတ္တပတ်ကုန်ဆုံးသည့်နေ့များတွင် ပြင်သစ်နိုင်ငံရှိ ဆန္ဒပြသမားများသည် အများအားဖြင့် ယာဉ်မောင်းများဝတ်ဆင်သော အဝါရောင် ရောင်ပြန်များတပ်ဆင်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ကာ အစိုးရ၏ အခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းမှဖြစ်ပေါ်လာသော အကျိုးဆက်တစ်ခုဖြစ်သည့် စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ပါရီမြို့နှင့်အခြားမြို့ကြီးများတွင် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများကြောင့် အစွန်းရောက်များ နှင့် လူမိုက်များသည် လုယက်မှုများ နှင့် တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ ကျူးလွန်လာခဲ့ကြသည်။ ယင်းဖြစ်စဉ်ကြောင့် လူထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံရသည်။

ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်က လူမှုကျင့်ဝတ်များပြုမူလိုက်နာကြရန် ပြည်သူများအား ပန်ကြားခဲ့သော်လည်း Yellow Vests ဆန္ဒပြမှုများက ဒီဇင်ဘာလကုန်ထိ သတ္တမမြောက် အပတ်အဖြစ် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အဆိုပါ ပဋိပက္ခများသည် ပြင်သစ်နိုင်ငံ၏ စီးပွားရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး ဘယ်လ်ဂျီယံအပါအဝင် အခြားနိုင်ငံများအထိ ပြန့်နှံ့သွားခဲ့သည်။ ယင်းဖြစ်ရပ်မှာ ဥရောပတိုက်၌ စီးပွားရေး နှင့် လူမှုရေး ကွာဟချက်များကဲ့သို့ပြဿနာအခက်အခဲများရှိနေသည်ကို ဖော်ညွှန်းနေခြင်းဖြစ်သည်။

တရုတ်-အမေရိကန် ခေါင်းဆောင်များတွေ့ဆုံ ၊ အဓိက သဘောတူညီမှု ရရှိ

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့G20 ထိပ်သီးအစည်းအဝေးတက်ရောက်စဉ် အာဂျင်တီးနားနိုင်ငံဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်သည့် ပြဿနာရပ်များကို အဖြေရှာရန် တိုက်ရိုက်ကြိုးပမ်းအားထုတ်ရာတွင် နယ်ပယ်ပေါင်းစုံ၌အောင်မြင်မှုများစွာ ဆောင်ကြဉ်းပေးရန် နှစ်ဖက်အပြန်အလှန်ဖလှယ်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု ၊ ညှိနှိုင်းဆောင်ရွက်မှု နှင့် တည်ငြိမ်မှု တို့အပေါ်အခြေခံ၍ တရုတ်-အမေရိကန်ဆက်ဆံရေးတစ်ခုကို ပူးတွဲ မြှင့်တင်ရန် ၎င်းတို့နှစ်ဦးအကြား သဘောတူညီမှုရရှိခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ထပ်ဆောင်းအခွန်စည်းကြပ်ခြင်းရပ်တန့်ရေး အပါအဝင် အခြေခံစဉ်းမျဉ်းတစ်ခုကို နှစ်ဖက်အကြား သဘောတူညီမှုရရှိခဲ့ပြီး အငြင်းပွားမှုများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ဦးလှည့်ကြရန်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှင့် ကုန်သွယ်ရေး အတွက် အပေါင်းလက္ခဏာဆောင်သည့် မျှော်လင့်ချက်များကို ဖန်တီးဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.