Connect with us

Asia

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ယာ) နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်တို့သည် နိုဝင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့၌ တွေ့ဆုံပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ရေး နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် စောင့်ထိန်းလိုက်နာပါကြောင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် မျှော်လင့်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့လည်းဖြစ်သလို ထိုင်းနိုင်ငံသို့ တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဖိတ်ခေါ်ပါကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ပစ္စည်းကိရိယာနှင့် နည်းပညာ၊ ပူးတွဲ စစ်ရေးပြခြင်း၊ ပူးတွဲလေ့ကျင့်ခြင်းနှင့် နိုင်ငံစံ လုံခြုံရေး စသည်တို့၌ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုနှင့် အားပေးမှုများအရ နှစ်နိုင်ငံ ဆက်ဆံရေးများမှာ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွင် သေချာသော အသီးအပွင့်များဖြင့် အရှိန်အဟုန်ကောင်းကို ထိန်းထားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဗဟို အကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များ၌ ထိုင်းနိုင်ငံ၏ ခိုင်မာစွာ ထောက်ပံ့မှုအပေါ် တရုတ်နိုင်ငံက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝမ်စူဝန် (ယာ) နှင့် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ် စစ်တပ်အနေဖြင့်လည်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ ဆက်သွယ်ရေး အဆင့်မြင့်မား ခိုင်မာရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ပူးတွဲကာကွယ်ရန် နိုင်ငံစုံပါဝင်သော မူဘောင်အတွင်း ညှိနှိုင်းဆောင်ရွက်မှု ထိန်းသိမ်းရေးများ၌ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူချက်များအား အကောင်အထည်ဖော်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။၎င်းတို့နှစ်ဦး တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဝေသည် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)