Connect with us

Asia

တိုင်ဖွန်း မုန်တိုင်းများကြောင့် ဗီယက်နမ်တွင် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ သန်း ၃ဝဝ ရှိ

ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေစဉ်(ဆင်ဟွာ)

ဟနွိုင် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ၂ဝ၁၆ ခုနှစ်အတွင်း တိုင်ဖွန်းမုန်တိုင်းဒဏ် နှစ်ကြိမ်ခံစားခဲ့ရပြီးနောက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဗီယက်နမ် ဒေါင် ၆.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၃ဝဝ) ထိရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD) ၏ သြဂုတ် ၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်တွင် ဇူလိုင်လ နှောင်းပိုင်းက တိုက်ခတ်ခဲ့သည့် မီရီနေ နှင့် သြဂုတ်လအစောပိုင်းက တိုက်ခတ်ခဲ့သည့် နီဒါ တိုင်ဖွန်းမုန်တိုင်းနှစ်ခုကြောင့် အနည်းဆုံး လူ ၂ဝ ဦးသေဆုံး/ပျောက်ဆုံးခဲ့ပြီး အခြား ၈၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ် နိုင်ငံပိုင်သတင်းဌာနက ရေးသားခဲ့သည်။
မီရီနာ တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေ ဟက်တာ ၂၅၆,ဝဝဝ နီးပါး ရေလွှမ်းမိုးဒဏ် ခံစားခဲ့ရကြောင်း MARD က ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ လျှပ်စစ်မီးတိုင် ၃၁,ဝဝဝ ကျော်လဲပြိုခဲ့ပြီး ဓာတ်အားပျက်တောက်မှု ပြဿနာဖြင့် ကြုံတွေ့ခဲ့ရသည်။ယင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ဒေါင် ၃၈၄ ဘီလီယံ( အမေရိကန်ဒေါ်လာ ၁၇ သန်း ) ရှိကြောင်း MARD က သတင်းထုတ်ပြန်သည်။
ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ထရီဒင်ဒွန်(Trinh Dinh Dung) က ပျက်စီးဆုံးရှုံးမှုတန်ဖိုးမြင့်မားခဲ့ရခြင်းမှာ မိုးလေဝါသအခြေအနေ ကြိုတင်ခန့်မှန်းချက် အားနည်းခဲ့ခြင်းကြောင့် ဟုဆိုသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Ninh Binh ပြည်နယ်သည် မီရီနေ မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရကြောင်း သိရသည်။သို့သော် အရေးပေါ် အစည်းအဝေးပွဲတွင် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ငယ် ၁၂ မြို့သည် မုန်တိုင်းအန္တရာယ်ကြုံတွေ့ဖွယ်မရှိကြောင်း မိုးလေဝါသဌာနက ခန့်မှန်းချက်ထုတ်ခဲ့ကြောင်း ဗီယက်နမ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီရုံးက ထုတ်ပြန်ပြောကြားသည်။
MARD ဝန်ကြီးဌာန ဝန်ကြီး Nguyen Xuan Cuong က မိုးလေဝသခန့်မှန်းချက် တိုးတက်လာအောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောသည်။ ပစ္စည်းကိရိယာ အဆင့်မြှင့်တင်ရေး နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်အောင် သင်တန်းပေးရေး များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ ထို့ပြင် မိုးလေဝသခန့်မှန်းချက်မှာ ပိုမိုယုံကြည် ကိုးစားမှု ရရှိနိုင်ရန်အတွက် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့်လုပ်ဆောင် သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.