Connect with us

Asia

တောင်ကိုရီးယားတွင် မားစ် ရောဂါကြောင့် ကျောင်း ၂၀၉ ကျောင်းပိတ်

တောင်ကိုရီးယား နိုင်ငံတွင် မားစ်ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်းများ တပ်ထားသည်ကို တွေ့မြင်ရပုံ (ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံတွင် ကျောင်းသားများ မားစ် (MERS) ရောဂါ မကူးစက် စေရန် ကျောင်းပေါင်း ၂၀၀ ကျော်ကို ဇွန်လ ၃ ရက် နေ့ မှစတင်၍ ပိတ်လိုက်ကြောင်း သိရသည်။

ကျောင်းသားများ မားစ်ရောဂါ ကူးစက် မခံရ စေရန် တောင်ကိုရီးယား နိုင်ငံ တစ်ဝန်းလုံးရှိ ကျောင်းပေါင်း ၂၀၉ ကျောင်းကို ခေတ္တ ပိတ်ထားကြောင်း ဒုတိယ ဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီး Hwang Woo-yea က ကျောင်းများက ကြီးကြပ်သူများနှင့် အစည်းအဝေး ပြုလုပ်စဉ် ပြောကြား ခဲ့သည်။
ကျောင်းများတွင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ လုံခြုံ စိတ်ချမှု ရှိချိန်အထိ တက်တက် ကြွကြွ လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း Hwang က ပြောကြားသည်။

ပိတ်ထားသည့် ကျောင်း များမှ ၉၀ ရာခိုင်နှုန်းသည် ဆိုးလ်မြို့တည်ရှိရာ Gyeonggi ဒေသက ဖြစ်သည်။ ၎င်း ဒေသ၏ ကြီးကြပ်သူ Lee Jae-jung က ပိတ်ထားသည့် ကျောင်း ၁၈၃ ကျောင်းက ထိုဒေသက ဖြစ်ကြောင်း ဆိုသည်။ တခြား ဒေသများ ထက် ၎င်းတို့ ဒေသသည် မားစ်ရောဂါ ကူးစက် နိုင်ချေ ပိုများကြောင်း ပြောသည်။

၎င်း Gyeonggi ဒေသတွင် ပိတ်ထားသည့် ကျောင်းများမှာ သူငယ်တန်းကျောင်း ၅၈ ကျောင်း ၊ မူလတန်း ၁၀၅ ကျောင်း ၊ အလယ်တန်း ကျောင်း ၁၅ ကျောင်း ၊ အထက်တန်း ကျောင်း ၂ ကျောင်းနှင့် အထူး ပညာရေး ကြောင်း ၃ ကျောင်း တို့ဖြစ်သည်။

Gyeonggi ဒေသတွင် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး တစ်ဦး မားစ် ရောဂါကြောင့် ဇွန်လ ၁ ရက်၌ သေဆုံးခဲ့သည်။

ထိုအမျိုးသမီးကို ကုသခဲ့သည့် ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများ ကိုလည်း သီးခြားခွဲထားကာ စောင့်ကြည့် နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တာဝန် ရှိသူများက ပြောသည်။

ဇွန်လ ၃ ရက် နေ့ အထိ တောင်ကိုရီးယား နိုင်ငံတွင် မားစ် ဗိုင်းရက်စ် ကူးစက်ခံရသူ ဦးရေ ၃၀ အထိ တိုးလာကြောင်း သိရသည်။ ထိုဗိုင်းရက်စ်ကြောင့် သေဆုံးသူ ၂ ဦး ရှိပြီ ဖြစ်သည်။တောင်ကိုရီးယား နိုင်ငံတွင် မားစ်ရောဂါ ပျံ့ပွားနေသောကြောင့် တရုတ်ခရီးသွား ၂,၀၀၀ ကျော်သည် တောင်ကိုရီးယားသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်း ခဲ့သည်။မားစ် ရောဂါကြောင့် တောင်ကိုရီးယား၏ စီးပွားရေး လုပ်ငန်းများလည်း ထိခိုက်နိုင်ကြောင်း သိရသည်။ (Xinhua)