Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ အများသုံးရေချိုးအိမ် မီးလောင်မှုဖြစ်ပွား ၂ ဦးသေ ၊ ၅ဝ ကျော်ဒဏ်ရာရ

ကိုရီးယားနိုင်ငံ၌ မီးလောင်မှုဖြစ်ပွားသော အများသုံးရေချိုးအိမ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အများပြည်သူသုံး ရေချိုးအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးပြီး အနည်းဆုံးအခြား လူပေါင်း ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

မီးလောင်မှုသည် ဆိုးလ်မြို့အရှေ့တောင်ဘက် ၂၄ဝ ကီလိုမီတာအကွာတွင်တည်ရှိသော Daegu မြို့ ရှိ အဆောက်အအုံတစ်လုံး၏ လေးလွှာပေါ်ရှိ အမျိုးသားရေချိုးကန်တစ်ခု၌ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၁ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းမီးလောင်မှုသည်ကြာချိန် မိနစ် ၂ဝ ခန့်သာရှိသော်လည်း မီးခိုးများသည် အထပ် ခုနှစ်ထပ်ပါ အဆောက်အအုံတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ကြောင်း သိရသည်။

ရေချိုးအိမ်အတွင်း အသက် ၆ဝ အရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ အခြား လူပေါင်း ၅ဝ ကျော်မှာ မီးခိုးမွှန်သွားကြောင်း နှင့် ၎င်းတို့အား နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသည်။

အထပ် ၇ ထပ်ပါ အဆောက်အအုံ၏ ပထမထပ် နှင့် ဒုတိယထပ်များတွင် စားသောက်ဆိုင်များဖွင့်လှစ်ထားကြောင်း ၊ သုံးထပ် နှင့် လေးထပ် များတွင် အများသုံးရေချိုးခန်းများဖွင့်လှစ်ထားကြောင်း နှင့် ငါးထပ် မှ ခုနှစ်ထပ်အထိကို လူနေအိမ်ခန်းများအဖြစ် ထားရှိကြောင်း သိရသည်။

မီးလောင်မှုသည် အမျိုးသားရေချိုးခန်း ဝင်ပေါက်မှ စတင်လောင်းကျွမ်းခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ၊ အချင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.