Connect with us

Asia

ထိုင်းနိုင်ငံက “တရုတ်ခရီးသည်များ အနှစ်သက်ဆုံးနေရာများ” မဲဖြင့် ရွေးချယ်

ထိုင်းနိုင်ငံတွင် လည်ပတ်လျက်ရှိသော တရုတ်ခရီးသည်များကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဦးစီးဌာနသည် ၂၀၁၆ ခုနှစ် အတွက် “တရုတ်ခရီးသည်များ အနှစ်သက် ဆုံးနေရာများ” မဲပေး ရွေးချယ်ပွဲ ရလဒ်များကို ဇွန်လ ၂၇ ရက် ညတွင် ဘန်ကောက်မြို့၌ ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ မဲပေး ရွေးချယ်ပွဲကို ဇွန်လ ၇ ရက်မှ ၁၉ ရက် အထိ တရုတ်လူမျိုးများ အသုံးများသော လူမှုဝက်ဘ်ဆိုဒ် များမှ စီစဉ်ခဲ့ရာ တရုတ်ခရီးသည် ၃၂.၃ သိန်းကျော် ပါဝင် မဲပေးခဲ့ကြောင်း သိရသည်။

၎င်းမဲပေးရွေးချယ် ပွဲတွင် ခရီးသွားများကို ဆွဲဆောင်မှု ရှိသောနေရာများ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ထိုင်းအစားအစာ၊ အနားယူစခန်း၊ ကုန်တိုက်ကြီးများနှင် ဂေါက်ကွင်းများ စသော ကဏ္ဍ ၁၇ ခု၌ ပါဝင် မဲပေး ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရွေးချယ်ပွဲ ရလဒ်များ အရ တရုတ်ခရီးသည်များ အနှစ်သက်ဆုံး မြို့သည် Chiang Mai မြို့၊ ပွဲတော်နေ့သည် Songkran ပွဲ၊ သစ်သီးသည် ဒူးရင်းသီး၊ ဟင်းလျာသည် ထိုင်းဂဏန်းချက်၊ ဟိုတယ်သည် Anantara Bangkok Sathorn Hotel၊ စားသောက်ဆိုင်သည် ဖူးခက်ကျွန်း Baan Rim Pa စားသောက်ဆိုင် စသည်တို့ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဦးစီးဌာနသည် ဇွန်လ ၂၇ ရက်ညက အဆိုပါ ဆုရသော ဆိုင်များအား ဆုဖလား ချီးမြှင့်၍ မဲပေးရွေးချယ်ခံရသော အခြားဆိုင်များအား အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရသည် ခရီးသွားများကို ဆွဲဆောင်မည့်နေရာ သစ်များကို ဖန်တီးလျက်ရှိရာ ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းကို ဆက်လက် တိုးတက် စေနိုင်ကြောင်း၊ ခရီးသွား ဧည့်သည်များ အထူးသဖြင့် အဆင့်မြင့် ခရီးသည်များကို ဆွဲဆောင်နိုင်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ပြောခဲ့သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ဦးစီးဌာန၏ ခန့်မှန်းချက် အရ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည်မမှ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော ခရီးသည် ဦးရေသည် ၁၀.၅ သန်း ရှိမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွက် ဝင်ငွေပမာဏ သည်လည်း ၂၀၁၅ ခုနှစ် ထက် ၃၅.၄% တိုးတက်၍ ထိုင်းဘတ်ငွေ ၅၀၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံ) ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)