Connect with us

Asia

ထိုင်းဘုရင် ဗာဂျီရယ်လောင်ကွန်း ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်

ထိုင်းနိုင်ငံ ဘုရင် ဗာဂျီရယ်လောင်ကွန်း၏ ထိုင်းတော်ဝင်ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်ခြင်း အခမ်းအနားအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် ဗာဂျီရယ်လောင်ကွန်း (Vijiralongkorn) ၏ တော်ဝင်နန်းတက်ပွဲအခမ်းအနား ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ဘန်ကောက်မြို့ရှိ ကျောက်ဖယားမြစ်တစ်လျှောက်တွင် ဖောင်တော်ဖြင့် ကြီးကျယ်ခမ်းနားသော တိုင်းခန်းလှည့်လည်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်း ဘုရင်နှင့် မိဖုရားတို့သည် ဖောင်တော်ဦး ‘Suphannahong’ ဖောင်ပေါ်တွင် ထိုင်လျက် ကြွမြန်းလိုက်ပါလာသည်ကို တွေ့ရပြီး ပြည်သူများက “ဘုရင်နှင့် မိဖုရားတို့ သက်တော်ရာကျော်ရှည်ပါစေကြောင်း” ဆုတောင်းကြွေးကြော်ခဲ့ကြသည်။

မိုးသားကင်းစင်သော ကောင်းကင်အောက်၌ မြစ်ကြောင်း ဖောင်တော်စီတန်းလှည့်လည်မှုကို ခရီးအကွာအဝေး ၃ ဒသမ ၄ ကီလိုမီတာ အထိနှင်ခဲ့ပြီး ဖောင်တော်နှင့်လှေတော် အရေအတွက် ၅၂ စင်း ပါဝင်ခဲ့ကြောင်း၊ မြစ်နံဘေး တစ်ဖက်တစ်ချက်စီရှိ ဘုရားကျောင်းများထံမှ ဗုဒ္ဓဓမ္မတေးသံသာများဖြင့် ထောပနာပြုခဲ့ကြောင်း သိရသည်။

အဝါရောင်ဝတ်ဆင်ထားသည့် ထိုင်းပြည်သူများကလည်း တစ်သက်မှာ တစ်ခါသာ ကြုံတွေ့ရသည့် ပွဲတော်ကို ကြည့်ရှုရန် နံနက်ပိုင်းကတည်းက ကျောက်ဖယားမြစ်ကမ်းနံဘေးတွင် အပြည့်နေရာယူထားသည်ကို တွေ့ရသည်။

“တော်ဝင် ဖောင်တော်စီတန်းလှည့်လည်ခြင်းက ထိုင်းနိုင်ငံရဲ့ ဂုဏ်တစ်ရပ်ဖြစ်ပါတယ်။ တစ်ညလုံး ဘတ်စ်ကားစီးခဲ့ရပြီး မနက်ငါးနာရီလောက်မှာ ကျောက်ဖယားမြစ်ကမ်းကို ရောက်နေတာ” ဟု ထိုင်းနိုင်ငံ မြောက်-အရှေ့ပိုင်းမှ လာရောက်သော လယ်သမား Anusorm က ဆင်ဟွာသို့ ပြောခဲ့သည်။

ထို့ပြင် ထိုင်းတော်ဝင် ရေတပ်မှ လှေခတ်သမား ၂၂၀၀ ကျော်ကလည်း အခမ်းအနားတက် ရောင်စုံခြယ် ရှေးဟောင်း စစ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။

အဆိုပါ တော်ဝင်ဖောင်တော် စီတန်းလှည့်လည်ခြင်းမှာ အချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး Thai TV မှာလည်း တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ 

ဘုရင် ဗာဂျီရယ်လောင်ကွန်းသည် ၂၀၁၉ ခုနှစ် မေလက ထီးနန်းဆက်ခံခဲ့ခြင်း ဖြစ်သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.