Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ် နိုင်ငံသားဖြစ်ခွင့် ဥပဒေကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေ

အိန္ဒိယနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ဥပဒေပြဌာန်းချက်အပေါ် ကန့်ကွက်ဆန့်ပြနေကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံ(Assam) နှင့် ထရီပူရ(Tripura) ပြည်နယ် နှစ်ခုတွင် အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်(CAB) အပေါ်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် ၎င်းဆန္ဒပြမှုများသည် နိုင်ငံအရှေ့မြောက်ပိုင်းမေဂါလေယာပြည်နယ် (Meghalaya) သို့ ပြန့်နှံ့ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များက ၎င်းပြည်နယ်အတွင်း အင်တာနက်လိုင်းများ နှင့် ဖုန်းဖြင့် စာပေးပို့မှုများကို နှစ်ရက်ကြာပိတ်ပင်ခဲ့သလို မေဂါလေယာပြည်နယ်မြို့တော် Shillong မြို့၏ အစိတ်အပိုင်းအချို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ဒေသခံများက ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လမ်းများပေါ်ထွက်၍ ဆန္ဒပြခဲ့ကြကြောင်းနှင့် မြို့တွင်း မီးရှို့ မှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ ဆန္ဒပြမှုများကို ဖုန်းဖြင့် ဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ကူး၍ အင်တာနက်ပေါ်တွင် မျှဝေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ အစိုးရက ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖုန်းမက်ဆေ့ချ်ပို့တာပိတ်ဖို့  ၊ အင်တာနက်လိုင်းပိတ်ဖို့ အမိန့်ပေးခဲ့တယ် ။ မေဂါလေယာပြည်နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေး အခြေအနေဆိုးရွားနေပြီး ပြည်သူတွေရဲ့လုံခြုံရေးလည်း ခြိမ်းခြောက်ခံနေရတယ်” ဟု အစိုးရအရာရှိတစ်ဦးက ဆိုသည်။ အစိုးရအနေဖြင့် ပြည်နယ်အတွင်း အချို့နေရာများ၌လည်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာသံပြည်နယ်တွင် အစိုးရနှင့်ဆန္ဒပြသူများအကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အဦ နှင့် ကားများ မီးရှို့ခံရကြောင်း ၊ ဒေါသထွက်နေသော ဆန္ဒပြသူများက ညမထွက်ရအမိန့်ကို ဖီဆန်၍ လမ်းမများပေါ်ထွက်ခဲ့ကြကြောင်း သိရသည်။

Guwhati ၌ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ နှစ်ဦးသေဆုံးခဲ့ပြီး အခြားအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် အာဏာပိုင်များက အာသံပြည်နယ်တွင် အိန္ဒိယစစ်တပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားကို တပ်ချထားကြောင်း သိရသည်။

သို့သော်လည်း ထရီပူရပြည်နယ်တွင် ပဋိပက္ခကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ၊  ဆန္ဒပြပွဲများ ကျယ်ပြန့်လာခြင်းမရှိစေရန် အဆိုပါ ပြည်နယ်နှစ်ခုစလုံးတွင် အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းများ ပိတ်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသမ္မတ Ram Nath Kovind က CAB ဥပဒေအား တရားဝင်အတည်ပြုပေးခဲ့သည်။၎င်းဥပဒေသည် ပြီးခဲ့သော ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံ အထက်အောက်လွှတ်တော်နှစ်ရပ်စလုံး၌ ထောက်ခံခဲ့ကြသည်။

ယင်းဥပဒေသည် ဘင်္ဂလားဒေ့ရှ် ၊ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် စသည့်နိုင်ငံများမှ ဟိန္ဒူ ၊ ဆစ်ခ် ၊ ဗုဒ္ဓ ၊ ဂျိန်းစ် ၊ ပါစီ နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သည့် တရားမဝင် ဝင်ရောက်လာသူများကို နိုင်ငံသားဖြစ်ခွင့် စိစစ်ရန် ရည်ရွယ်ပြဌာန်းသည့် ဥပဒေဖြစ်ကြောင်း ၊ သို့သော်လည်း ယင်းဥပဒေသည် မွတ်စလင်ရွှေ့ပြောင်းအခြေစိုက်များအတွက် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုကို  ပိတ်ပင်တားဆီးသည့် ဉပဒေဖြစ်ကြောင်း ဝေဖန်မှုရှိနေသည်။

ဥပဒေသစ်အရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ အထိ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော မွတ်စလင်မဟုတ်သည့် ရွှေ့ပြောင်းအခြေချသူများအား အိန္ဒိယအစိုးရက နိုင်ငံသားဖြစ်ခွင့် ပေးရန် ဖြစ်ကြောင်း သိရသည်။

၎င်းဥပဒေအပေါ် အတိုက်အခံပါတီများ နှင့် အရပ်ဖက်အဖွဲ့အစည်းများက အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မွတ်စလင်များအား တားဆီးရန်အတွက်ဖြစ်ကြောင်း ဝေဖန်နေကြပြီး ဥပဒေသစ်ကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ကန့်ကွက်ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.