Connect with us

Asia

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက်အခမ်းအနားကျင်းပ ၊ အတိတ် စစ်ပွဲအပေါ် “အလွန်တရာ နောင်တရမိ ” ကြောင်း ဧကရာဇ် ပြောကြား

ဂျပန်နိုင်ငံ ဧကရာဇ် ဘုရင် နာရူဟီတို နှင့် မိဖုရား မက်ဆာကာ တို့ အား ဂျပန်နိုင်ငံတိုကျိုမြို့၌ ဩဂုတ် ၁၅ ရက်က ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည် နေ့ အခမ်းအနားတွင် တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် နှစ်ပတ်လည် အခမ်းအနားတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဩဂုတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဂျပန် ဧကရာဇ် ဘုရင် နာရူဟီတို (Naruhito) က ဂျပန်နိုင်ငံ၏ စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့မှုများအပေါ်  “ အလွန်တရာ နောင်တရမိ” ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

COVID-19 ကူးစက်မှု ပြန့်နှံ့နေခြင်းကြောင့် အဆိုပါ အခမ်းအနားကို ဂျပန် ဧကရာဇ် နှင့် မိဖုရား တို့သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့်အတူ လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။နာရူဟီတိုသည် စစ်ပွဲကာလနောက်ပိုင်း မွေးဖွားသော ပထမဆုံး ဂျပန် ဧကရာဇ် တစ်ပါးဖြစ်ပြီး ကပ်ရောဂါကူးစက်ပြန့်နှံ့နေစဉ် အများပြည်သူရှေ့မှောက်သို့ မိဖုရားနှင့်အတူ ရှားရှားပါးပါး ထွက်လာခဲ့ပြီး ယခင်နှစ်က ၎င်းမိန့်ကြားခဲ့သည့်အတိုင်း စိတ်မကောင်း နောင်တရမိကြောင်းကို ဖွင့်ဟ ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ ဧကရာဇ် ဘုရင် နာရူဟီတို နှင့် မိဖုရား မက်ဆာကာ တို့ ဂျပန်နိုင်ငံတိုကျိုမြို့၌ ဩဂုတ် ၁၅ ရက်က ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်နက်ချခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် စစ်အတွင်း သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက် အလေးပြုနေစဉ်(ဆင်ဟွာ)

“စစ်ပွဲအလွန် ငြိမ်းချမ်းတဲ့ ကာလရှည်ကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အတိတ်ကို ပြန်ပြီး ထင်ဟင်စေပါတယ် ၊ အလွန်တရာ နောင်တ ရမှုဟာ ရင်ထဲထိ ထိခိုက် ခံစားရပါတယ် ၊ အဲဒီ စစ်ပွဲတွေ နောက်ထပ် တစ်ကြိမ် ထပ်မံ မဖြစ်ပွားဖို့ ကျွန်ုပ် ယုံကြည်မျှော်လင့်ပါတယ်”ဟု ဧကရာဇ် နာရူဟီတိုက ယင်းနှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

သက်တော် ၆၀ နှစ်အရွယ်ရှိ ပြီးခဲ့သော နှစ် မေလက ထီးနန်းဆက်ခံခဲ့သော ဘုရင် နာရူဟီတိုသည် နိုင်ငံတစ်ဝန်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် ၎င်း၏ ပုံမှန်တိုင်းခန်းလှည့်လည်မှု ခရီးစဉ်များအားလုံးကို ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

Nippon Budokan တွင် ကျင်းပပြုလုပ်သည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ဧည့်ပရိသတ် ၅၄၀ ဦးတက်ရောက်ခဲ့ပြီးယခင်နှစ်တက်ရောက်သူဦးရေထက် ၁၀ ရာခိုင်နှုန်းအောက် နည်းပါးခဲ့ကြောင်း နှင့်  ၁၉၆၃ ခုနှစ်မှစတင်ကာ  ဂျပန်အစိုးရက ဦးဆောင်ကျင်းပခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားများအနက် တက်ရောက်သူဦးရေအနည်းဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ကျန်းမာရေး ၊ အလုပ်သမား နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

စစ်ပွဲအလွန်ကာလ pacifist ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိနေသည့် ဂျပန်ဝန်ကြီးချုပ် အာဘေးက နှစ်ပတ်လည်အခမ်းအနား၌  မိန့်ခွန်းပြောကြားရာတွင် ဂျပန်နိုင်ငံ၏ စစ်ပွဲကာလအတွင်း ရန်လိုမှုများအပေါ် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ 

ဒုတိယကမ္ဘာစစ်အတွင်း နှင့် စစ်ပွဲမတိုင်မီကာလများတွင်  ဂျပန်နိုင်ငံသည် အာရှတိုက်၏ အစိတ်အပိုင်းများစွာကို ရက်ရက်စက်စက် ကျူးကျော်ဝင်ရောက်ခဲ့ရာ ပြောပြ၍ မရနိုင်လောက်အောင် ထိခိုက်နာကြင်မှုများ ခံစားခဲ့ရသလို အပြစ်မဲ့အရပ်သား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

ဂျပန်တပ်ဖွဲ့ဝင်များက အလွန်တရာရက်စက်သော လုပ်ဆောင်မှုများစွာကို ကျူးလွန်ခဲ့သော်လည်း  ယင်းနှင့်ပတ်သက်၍ ယနေ့ထိတိုင် ကျောင်းပြဌာန်းစာအုပ်များတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိသလို အောက်မေ့ဖွယ် အခမ်းအနားနှင့်ပတ်သက်၍ ရုပ်သံဖော်ပြရာတွင်လည်း တစ်ကမ္ဘာလုံးသို့ ထိထိရောက်ရောက် ဖော်ပြခဲ့ခြင်းမရှိပေ။

ဩဂုတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဂျပန်အစိုးရပိုင် YouTube ချန်နယ်မှတဆင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်ပြသမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ဂျပန်နိုင်ငံ နာဂါဆာကီမြို့ နှင့် ဟီရိုရှီးမားမြို့များပေါ်သို့ အမေရိကန်နိုင်ငံက အနုမြူဗုံးကြဲချမှုအတွင်း သေဆုံးခဲ့ရသူများအပါအဝင် စစ်ပွဲအတွင်း အသက်စတေးခဲ့ရသူများအတွက် ထိခိုက် ကြေကွဲကြောင်း ခေတ္တငြိမ်သက်အလေးပြုခြင်းကို မွန်းလွဲပိုင်းတွင်  ပြုလုပ်ခဲ့သည်။

ဟီရိုရှီးမား နှင့် နာဂါဆာကီ ကြေကွဲဖွယ် ဖြစ်ရပ်အပေါ် ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီးနောက် ဂျပန်နိုင်ငံအနေဖြင့် အနုမြူဗုံးကြောင့် အသက်သေဆုံးခဲ့ရသူများအတွက် မိမိကိုယ်ကို သုံးသပ်ရန်သာမက ပထမဆုံး အနုမြူဗုံးကြဲချခြင်းခံရသောနိုင်ငံဖြစ်သွားစေရန် ဝမ်းနည်းဖွယ် ကိစ္စရပ်အား ဦးဆောင်ခဲ့သူကိုလည်း မြင်အောင် ကြည့်ရှုရန် သမိုင်းပညာရှင်များ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြံပြုတိုက်တွန်းခဲ့ကြသည်။ 

အာဘေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဩဂုတ် ၁၅ ရက်က ဂျပန်နိုင်ငံ၏ ယခင်စစ်ဝါဒ အထိမ်းအမှတ်နေရာတစ်ခုဖြစ်သည့် ယာဆူကူနီ ဂူဗိမ္ဗာန်သို့ သွားရောက်ခဲ့ပြီး အာဘေးကိုယ်တိုင်လည်း ထုံးတမ်းအစဉ်အလာ ဆုတောင်းမှု တစ်ခုပေးပို့ခဲ့သည်။ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဝန်ကြီး Shinjiro Koizumi သည် ၂၀၁၆ ခုနှစ် နောက်ပိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအနေဖြင့်  ဩဂုတ် ၁၅ ရက် နှစ်ပတ်လည်နေ့တွင် ဂူဗိမ္ဗာန်သို့ သွားရောက်ခဲ့သည်။ ယင်းနောက်တွင် အခြားသော အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးလည်း ယင်းနေရာသို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆူကူနီ ဂူဗိမ္ဗာန်သည်  ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့ရသည့် ဂျပန်လူမျိုး ၂.၅ သန်း အပါအဝင် စစ်ရာဇဝတ်ကောင်များအား ဂုဏ်ပြုထားသည့် အောက်မေ့ဖွယ် နေရာတစ်ခုဖြစ်သည်။အဆိုပါ နာမည်ဆိုးဖြင့် ထင်ရှားသော နေရာသို့ ဂျပန်ထိပ်တန်းခေါင်းဆောင်များ နှင့် အရာရှိများ သွားရောက်လည်ပတ်ခြင်း နှင့် ဆုတောင်းမှုပြုလုပ်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိသလို  တရုတ် ၊ တောင်ကိုရီးယား နှင့် အခြားသော ဂျပန်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်ခြင်းခံခဲ့ရသည့် နိုင်ငံများမှ ပြည်သူများအတွက် စိတ်နာကျင်မှုကို ပြန်ပြောင်း ဖြစ်ပေါ်စေကြောင်း သိရသည်။(Xinhua)