Connect with us

Asia

ပါကစ္စတန် အနောက်တောင်ဘက်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၆ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရ

ပါကစ္စတန် အနောက်တောင်ဘက်ရှိ ကွက်တာမြို့ရှိ ရဲ စစ်ဆေးရေးဂိတ်တစ်ခုအနီး ပေါက်ကွဲမှုတွင် ဒဏ်ရာရသူအား သယ်ဆောင်လာသည့် စေတနာ့ ဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက်ရှိ ကွက်တာမြို့ရှိ ရဲ စစ်ဆေးရေးဂိတ်တစ်ခုအနီး ဇွန်လ ၂၃ ရက်က အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုမှာ ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီဝန်းကျင်တွင် ပြည်နယ် ရဲချုပ်ရုံးအနီးရှိ ရဲစစ်ဆေးရေးဂိတ်အတွင်းသို့ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ကားတစ်စီး ဖြင့် အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် ဘယ်လော်ချစ္စတန်ပြည်နယ် ပြောခွင့်ရပုဂ္ဂိုလ် Anwaar ul Haq Kakar က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများက်ု ကွက်တာမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ ဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူး Farid Ahmad က သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရသူ ၂၀ ဦး ဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသည့်အတွက် သေဆုံးသူ အရေအတွက်မှာ မြင့်တက်နိုင်ဖွယ်ကြောင်း ပြောသည်။

ဒေသခံ မီဒီယာများ၏ သတင်းများအရ သေဆုံးသူများအနက် ရဲ နှစ်ဦး ပါဝင်ကြောင်းနှင့် ဒဏ်ရာရသူများ အနက် ကလေးငယ် နှစ်ဦးလည်း ပါဝင်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှင့် အနီးတဝိုက်အား ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးစည်း တားထားလိုက်ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်မြို့အတွင်းရှိ ဆေးရုံများအားလုံးကို အရေးပေါ် အခြေအနေအဖြစ် ကြေညာထားကြောင်း သိရသည်။

ယင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.