Connect with us

Asia

ပေါက်ကွဲပစ္စည်းများ တွေ့ရှိခဲ့ပြီး အိုင်အက်စ်နှင့် ဆက်သွယ်ကြောင်း သံသယရှိသူ ၁၄ ဦးအား မလေးရှား ဖမ်းဆီး

အိုင်အက်စ်နှင့် ဆက်သွယ်မှုရှိသည်ဟု သံသယရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကွာလာလမ်ပူ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အိုင်အက်စ်နှင့် အဆက်အသွယ်ရှိကြောင်း သံသယရှိပြီး တိုက်ခိုက်မှု လုပ်နိုင်ခြေရှိသော ပေါက်ကွဲ ပစ္စည်းများ အား တွေ့ရှိမှုဖြင့် မလေးရှားနိုင်ငံသား ၁၄ ဦးအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက်က ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် သံသယရှိသူများမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြပြီး အသက် ၂၀ နှစ်မှ ၄၉ နှစ်အတွင်း ရှိ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ပြည်နယ် ငါးခုတွင် ပြုလုပ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု၌ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ် အဘူ ဘက်ကာက ပြောသည်။
၎င်းတို့အနက် ၁၂ ဦးသည် အစောပိုင်းလှုပ်ရှားမှုများတွင် ဖမ်းဆီးခံခဲ့ရသည့် အကြမ်းဖက် အဖွဲ့ တစ်ခုမှဟု ယုံကြည်ရကြောင်း၊ မလေးရှားနိုင်ငံအတွင်း အကြမ်းဖက်မှု လုပ်ဆောင်ရန် ဆီးရီးယားမှ မလေးရှား နိုင်ငံသား အိုင်အက်စ် ခေါင်းဆောင်တစ်ဦး၏ တိုက်ရိုက်ညွှန်ကြားမှုအား လက်ခံရရှိထားသူများ ဖြစ်ကြောင်း ခါလစ်က ဆိုသည်။
ထို့ပြင် ဖမ်းဆီးခံထားရသည့် သံသယရှိသူ တစ်ဦးက ရရာပစ္စည်းဖြင့် ဖန်တီးနိုင်သည့် ပေါက်ကွဲလက်နက် ပြုလုပ်ခြင်း (Improvised Explosive Devices= IED) နည်းလမ်းအား ဝန်ခံခဲ့ကြောင်း သိရသည်။
အသက် ၄၉ နှစ် အရွယ် သံသယရှိသူ တစ်ဦးသည် အဖွဲ့ဝင်သစ်များ စုဆောင်းခြင်းနှင့် ဆီးရီးယားသို့ စေလွှတ် ပေးရသည့် တာဝန် ယူထားသူ ဖြစ်ပြီး သံသယရှိ အမျိုးသမီးမှာမူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသများရှိ အိုင် အက်စ်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရာတွင် လျို့ဝှက် သတင်းပေးလုပ်ဆောင်ရန် စီစဉ်ထားသူ ဖြစ်သည်။
ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်၌ ပထမဆုံး အိုင်အက်စ်နှင့် ဆက်နွှယ်နေသည့် တိုက်ခိုက် မှုအဖြစ် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးနှင့် စစ်ဆင်ရေးများ မလေးရှား အာဏာပိုင်များက တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.