Connect with us

Asia

ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ဒီဂျစ်တယ်ဗီဇာစနစ်ကျင့်သုံးမည်

ဗီယက်နမ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးသည့် ဗီဇာပုံစံစာရွက်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၇ ခုနှစ် မှစတင်ကာ နိုင်ငံခြားခရီးသွားများပြည်တွင်းဝင်ရောက်ရာတွင် လွယ်ကူချောမောစေရန် အီလက်ထရောနစ် (ဒီဂျစ်တယ်) ဗီဇာစနစ်ကို ကျင့်သုံးသွားမည်ဟု ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Nguyen Xuan Phuc က ပြောကြားသည်။

သြဂုတ်လ ၉ ရက်တွင်ကျင်းပသည့် ဗီယက်နမ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၌ ဒုတိယဝန်ကြီးချုပ်က e-visa (ဒီဂျစ်တယ်)စနစ်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်ကျင့်သုံးနိုင်ရန် အစိုးရအဖွဲ့သည် ဗီယက်နမ်ဒေါင် ၂ဝဝ ဘီလီယံ( အမေရိကန်ဒေါ်လာ ၈.၉၈ သန်း)ကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကမ္ဘာလှည့်ခရီးသွားများအား ပိုမိုဆွဲဆောင်ရန် နှင့် ဗီယက်နမ်ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း VNExpress အွန်လိုင်းသတင်းက သြဂုတ် ၁ဝ ရက်က ရေးသားဖော်ပြထားသည်။ နိုင်ငံခြားခရီးသွားများအား နွေးထွေးစွာ လက်ကမ်းကြိုဆိုနိုင်ရေးအတွက် အီလက်ထရောနစ်ဗီဇာစနစ်ကို အကောင်ထည်ဖော်ဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး နှင့် ဘဏ္ဍာရေးဝန်ကြီးတို့အား ဒုတိယဝန်ကြီးချုပ်က လမ်းညွှန်ချက်ပေးခဲ့သည်။
အီး-ဗီဇာအတွက် အွန်လိုင်းမှတဆင့် လျှောက်လွှာများရယူပြီး လိုအပ်သည့်အချက်အလက်များကို ဖြည့်စွက်ကာ အီးမေးလ်ဖြင့် ပြန်လည်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဗီဇာလျှောက်ထားရာတွင် ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်ကြောင်း ဗီယက်နမ်စီးပွားရေးဖိုရမ်လက်အောက်ခံ ခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ Kenneth Atkinson က ပြောသည်။
လက်ရှိတွင် နိုင်ငံခြားသားများအတွက် ဆိုက်ရောက်င်္ဗီဇာကို ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတကာလေဆိပ်အဝင် ကောင်တာများတွင်ပြုလုပ်ပေးနေသော်လည်း အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရခြင်း (သို့မဟုတ်) ဗီယက်နမ်သံရုံးများ (သို့မဟုတ်) ကောင်စစ်ဝန်ရုံးများတွင် အချိန်ပေး၍ လျှောက်ထားနေကြရကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၁ နိုင်ငံအား ဗီဇာကင်းလွတ်ခွင့်ပေးထားသော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မလေးရှား(၁၆၄ နိုင်ငံ) ၊ ဖိလစ်ပိုင် ( ၁၅၇ နိုင်ငံ) ၊ အင်ဒိုနီးရှား ( ၄၅ နိုင်ငံ) နှင့် ထိုင်း ( ၅၂ နိုင်ငံ) တို့ဖြင့် နှိုင်းယှဉ်ပါက ဗီဇာကင်းလွတ်ခွင့်ပေးထားသည့် နိုင်ငံအရေအတွက် များစွာလျော့နည်းနေသေးသည်။
နိုင်ငံခြားခရီးသွားများအား ပိုမိုစွဲဆောင်ရန်ရည်ရွယ်ပြီး ဗီယက်နမ်နိုင်ငံသည် ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ စပိန် နိုင်ငံသားများအတွက် ၁၅ ရက်ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း ၊ အီတလီနိုင်ငံသားများအတွက် လာမည့်နှစ်တွင် အခွင့်အရေးရမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘာ့လှည့်ခရီးသွား ၁ဝ သန်း မှ ၁ဝ.၅ သန်းဝင်ရောက်ရန် ၊ ခရီးသွားလုပ်ငန်းမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ မှ ၁၉ ဘီလီယံ ရရှိရန် ရည်ရွယ်ထားသည်။
၂ဝ၁၆ ခုနှစ် ပထမ ၇ လတွင် ဗီယက်နမ်နိုင်ငံသို့ကမ္ဘာလှည့်ခရီးသွား ၅.၅၅ သန်းဝင်ရောက်ခဲ့ကြောင်း နှစ်စဉ်တိုးတက်မှုပမာဏ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၈.၅ သန်း ( ၂ဝ၁၅ ခုနှစ်ထက် ၆ ရာခိုင်နှုန်းကျော်) ဝင်ရောက်ရန် မျှော်လင့်ထားသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ၊ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်းတိုးတက်ရန် မျှော်လင့်ထားကြောင်း ဗီယက်နမ်အထွေထွေသန်းခေါင်စာရင်းရုံးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.