Connect with us

Asia

ဗီယက်နမ် နိုင်ငံ၌ ၃၅ ဦးမြောက် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တွေ့ရှိ 

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ရှိ ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးရန် လာရောက်သူ တစ်ဦးအား ကိုယ်ပူချိန် တိုင်းတာနေမှုအား မတ် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် နိုင်ငံအလယ်ပိုင်း ဒါနန်(Da Nang) မြို့၌ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ လူနာသစ်တစ်ဦး တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း၌ စုစုပေါင်း ရောဂါ ဖြစ်ပွားသူမှာ ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၌ နောက်ဆုံးအတည်ပြုလူနာတစ်ဦးမှာ ဒါနန်မြို့ရှိ လျှပ်စစ်ပစ္စည်း အရောင်းစင်တာ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ဗီယက်နမ်လူမျိုး အမျိုးသမီးတစ်ဦးဖြစ်သည်။ အဆိုပါအမျိုးသမီးသည် မတ် ၄ ရက်တွင် အရောင်းစင်တာ၌ ဗြိတိန်နိုင်ငံသားနှစ်ဦးနှင့် ထိတွေ့ပြောဆို ဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း ၊ ယင်းအမျိုးသား နှစ်ဦးစလုံးမှာလည်း ရောဂါပိုးကူးစက်ခံထားရသူများအဖြစ် နောက်ပိုင်းတွင်  အတည်ပြု ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လူနာအသစ်ကြောင့် ဒါနန်မြို့၌ စုစုပေါင်း ရောဂါ ကူးစက်ခံရသူ သုံးဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။ ဗီယမ်နမ်နိုင်ငံ၌ ယခုထိ ရောဂါ ကူးစက်ခံရသူ ၃၅ ဦး အနက် ၁၆ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီးဖြစ်သည်။မတ် ၆ ရက်မှ စတင်ကာ နိုင်ငံ၌ ရောဂါကူးစက်ခံရသူ လူနာသစ် ၁၉ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၁၁ ဦးမှာ ပြည်ပခရီးသွား ဧည့်သည်များ ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၌ မြို့တော် ဟနွိုင်း နှင့် တောင်ပိုင်း ဟိုချီမင်းမြို့ အပါအဝင် ပြည်နယ်နှင့်မြို့ စုစုပေါင်း ၁၂ ခုတွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း ၊ မတ် ၁၁ ရက်အထိ လူဦးရေ ၂၅,၀၀၀ ဦးနီးပါးကို စောင့်ကြပ် ကြည့်ရှုထားရှိပြီး သံသယ လူနာ ၁၁၃ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)