Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူ သေနတ်သမားအား အသေပစ်ခတ် တားဆီးခဲ့

လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်မှ ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့ ရှိ လေဆိပ်တစ်ခုတွင် Biman Banglandesh Airlines မှ ဒူဘိုင်းသို့ သွားရောက်မည့် ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်သို့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူ သေနတ်သမားတစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက်က အသေပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြည်းတပ် မှ ဗိုလ်ချုပ် Motiur Rahman က အထူးတပ်ဖွဲ့ဝင်များ၏ စီးနင်းမှုအတွင်းရရှိခဲ့သော ဒဏ်ရာများကြောင့် သေနတ်သမားသေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ပြန်ပေးဆွဲရန်ကြိုးစားသူ မှာ အသက် ၂၅ နှစ်အရွယ် Mahadi ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ပစ္စတိုသေနတ် တစ်လက်ကိုပါ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါလေယာဉ်သည် မြို့တော်ဒါကာမြို့မှ ထွက်ခွာလာပြီး နာရီပိုင်းအကြာ ဒေသစံတော်ချိန် ညနေ ၅း၄၀နာရီတွင် ဒါကာမြို့ ၏ အရှေ့တောင်ဘက် ၂၄၂ကီလိုမီတာ အကွာ Chattogram မြို့ ရှိ Shah Amanat အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ဆင်းသက်မှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၂ဦး၊ လေယာဉ်ဝန်ထမ်း ၅ဦး နှင့် လေယာဉ်မှူး ၂ဦးလိုက်ပါလာကြောင်း သိရသည်။

တရားခံသည် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ချို့ယွင်းနေပုံပေါ်ကြောင်း၊ ၎င်းသည် ၎င်း၏ ဇနီးဖြစ်သူ နှင့် ပြဿနာတက်ခဲ့၍ ယင်းအကြောင်းကို ဝန်ကြီးချုပ်ထံ ပြောကြားလိုသည်ဟု လေယာဉ်မှူးအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေကြောင်းဦးစီးဌာန ၏ အကြီးအကဲ Naim Hassan က ပြောကြားခဲ့သည်။

လေဆိပ်အား ဒေသစံတော်ချိန် ည ၈း၀၀နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.