Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၁ ဦးသေဆုံး၊ လူပေါင်း ၂ဒသမ၆ သန်းကျော် အပေါ် သက်ရောက်မှုရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖာရစ်ပါရ်ခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များ နစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရာများစွာ၌ ရေကြီးရေလျှံမှုများကြောင့် လူ ၂၁ ဦး သေဆုံးပြီး လူပေါင်း ၂ဒသမ၆ သန်းကျော် အပေါ် သက်ရောက်မှုရှိခဲ့ကြောင်းနှင့် အိမ်ထောင်စုရာနှင့်ချီ ကို နေရပ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားသဘာဝဘေးတုံ့ပြန်ရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ(NDRCC) ၏ နေ့စဉ်ထုတ်ပြန်သော သဘာဝဘေးအစီရင်ခံစာအရ နိုင်ငံအတွင်းရှိ ခရိုင် ၆၄ ခုအနက် ၁၈ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၂,၆၁၇,၃၉၈ ဦးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖာရစ်ပါရ်ခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များ နစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ နိုင်ငံအတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၂၁ ဦးရှိခဲ့ပြီး အိမ်ထောင်စု ပေါင်း ၅၈၀၆၅၅ ထိ သက်ရောက်မှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။ပြီးခဲ့သည့် သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အဓိကမြစ်များ ရေလျှံခဲ့ခြင်းကြောင့် ဒေသအတော်များများ ရေအောက်ရောက်ရှိသွားခဲ့ကြောင်း ရုပ်မြင်သံကြာ၌ သတင်းဖော်ပြခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝန်းရှိ လူနေအဆောက်အဦများ၊ ကောက်ပဲသီးနှံများ၊ လမ်းများနှင့် အဝေးပြေးလမ်းများ ကြီးကြီးမားမား ပျက်စီးခဲ့ရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက မိုးရွာသွန်းခြင်းနှင့် အိန္ဒိယနှင့်နယ်စပ်တစ်လျှောက်ရှိ တောင်များပေါ်မှ တဟုန်ထိုးစီးဆင်းလာသော တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိကမြစ်များ၏ မြစ်ရေမြင့်တက်မှုများကြောင့် အနည်းဆုံး ခရိုင် ၂၃ ခုတွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ ကြုံတွေ့ရနိုင်ကြောင်း သဘာဝဘေး စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဝန်ကြီးဌာန ဝန်ကြီး Md Enamur Rahman က အစောပိုင်းတွင် ပြောကြားခဲ့သည်။

သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်လုပ်ဆောင်ခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စုများအား ရွှေ့ပြောင်းထားရှိရာ ကြီးကြပ်ရေးစင်တာများနှင့် အကူအညီပစ္စည်းများ ဖြန့်ဖြူးပေးခဲ့ကြောင်း Rahman က ပြောခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရုံးက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ လာမည့်သီတင်းပတ်အတွင်း နိုင်ငံအတွင်းရှိ ခရိုင်အားလုံး၏ ထက်ဝက်နီးပါးတွင် ရေကြီးဘေးကို ခံစားရနိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.