Connect with us

Asia

မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ် ရေကြောင်း သွားလာရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက မြစ်ဝှမ်းဒေသရှိ လေးနိုင်ငံ အကြား ကုန်စည်နှင့် ခရီးသည် သယ်ယူ ပို့ဆောင်မှုတို့ အတွက် အထောက်အကူ ပြုနိုင်မည်

(၁၄) ကြိမ်မြောက် မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ် ရေကြောင်း သွားလာရေး ဆိုင်ရာ လေးနိုင်ငံ ပူးတွဲ ညှိနှိုင်း ကော်မတီ အစည်းအဝေးပွဲ အား မြန်မာနိုင်ငံ၌ ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

မဲခေါင်မြစ် အထက်ပိုင်းတွင် ကုန်သွယ်ရေကြောင်း သွားလာရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ရေကြောင်း သွားလာရေး လုံခြုံ ချောမွေ့မှု ၊ မြစ်ဝှမ်း ဒေသရှိ မြန်မာ ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ အကြား သဘာဝ ပတ်ဝန်းကျင်အား မထိခိုက်စေဘဲ ကုန်စည်နှင့် ခရီးသည် သယ်ယူ ပို့ဆောင်မှု တို့အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း (၁၄) ကြိမ်မြောက် ပြုလုပ်ခဲ့သည့် လေးနိုင်ငံ ပူးတွဲ ညှိနှိုင်း ကော်မတီ အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၄) ကြိမ်မြောက် မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ် ရေကြောင်း သွားလာရေး ဆိုင်ရာ လေးနိုင်ငံ ပူးတွဲ ညှိနှိုင်း ကော်မတီ အစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၂ ရက် အထိ နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် မဲခေါင်မြစ် အထက်ပိုင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်း သွားလာရေး အတွက် ဖွံ့ဖြိုးရေး စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှု အတွက် နိုင်ငံ အလိုက် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်မှု၊ မဲခေါင်မြစ် အထက်ပိုင်းတွင် မြစ်ကြောင်း တလျှောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နစ်မြုပ် ရေယာဉ်များ ဆယ်ယူမှု အတွက် ပူးပေါင်း ဆောင်ရွက်မှု စနစ်၊ ပြင်ဆင် ထားသည့် အရေးပေါ်ဆောင်ရွက်ရမည့် စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှု၊ မြစ်ကြောင်းတွင် ရေနံနှင့် ရေနံထွက် ပစ္စည်းများ သယ်ယူ ပို့ဆောင်မှုဆိုင်ရာ သတင်းအချက် အလက်များ မျှဝေရေး၊ မဲခေါင်မြစ် အထက်ပိုင်းရှိ ဆိပ်ကမ်းများနှင့် အာဏာပိုင်များ အကြား သတင်းအချက် အလက်များ မျှဝေမှု ပိုမို တိုးတက် ဆောင်ရွက်ရေး၊ မဲခေါင်မြစ် အထက်ပိုင်း ရေကြောင်း သွားလာမှု အထောက်အကူပြုရေး အတွက် မြစ်ကြောင်းအတွင်း ဆည်များမှ ရေလွှတ်သည့် သတင်းအချက် အလက်များအား မျှဝေရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး နိုင်ငံများ အကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် (၁၅) ကြိမ်မြောက် မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ် ရေကြောင်း သွားလာရေး ဆိုင်ရာ လေးနိုင်ငံ ပူးတွဲ ညှိနှိုင်း ကော်မတီ အစည်းအဝေးကိုလည်း လာမည့်နှစ်တွင် အလှည့်ကျ အိမ်ရှင်အဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့တွင် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)