Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က တောင်ကိုရီးယားသမ္မတမွန်ဂျေအင်အား လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံသမ္မတအား ပြုံယမ်းလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသို့ယနေ့(စက်တင်ဘာ ၁၈ ရက် ) နံနက်ပိုင်းတွင် ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်အား မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် နှင့်အတူ ထိပ်တန်းခေါင်းဆောင်များက ပြုံယမ်းလေဆိပ်တွင် အခမ်းအနားဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတအား မြောက်ကိုရီးယားခေါင်းဆောင် နှင့်အတူ အခြားအဆင့်မြင့်အရာရှိကြီးများ ၊ ဒေသခံရာပေါင်းများစွာနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုံယမ်းလေဆိပ်တွင် ပန်းစည်းများ ၊ နိုင်ငံတော်အလံများ နှင့် ကျွန်းဆွယ်အလံများဖြင့် ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြသည်။

လေယာဉ်ပေါ်မှ မွန်ဂျေအင်ဆင်းလာပြီးနောက် နှစ်ဖက်ခေါင်းဆောင်တို့သည် လက်ဆွဲနှုတ်ဆက်ခြင်း ၊ ပွေ့ဖက်နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခုတွေ့ဆုံမှုသည် ၁၁ နှစ်တာကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကိုရီးယားနှစ်နိုင်ငံပထမဆုံး ထိပ်သီးအစည်းအဝေးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် KCNA သတင်းဌာနက ပြုံယမ်းထိပ်သီးအစည်းအဝေးသည် ယခုနှစ် ဧပြီလတွင် ပထမဆုံးအကြိမ် ကိုးရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ပန်မွန်ဂျုံးကြေညာစာတမ်းကို အကောင်အထည်ဖော်ရန် ရည်ရွယ်လုပ်ဆောင်သည့် ထိပ်သီးအစည်းအဝေးဖြစ်ကြောင်း ဖော်ပြထားသည်။

ပြုံယမ်းထိပ်သီးအစည်းအဝေးသည် “ ကိုရီးယားကျွန်းဆွယ်နှစ်နိုင်ငံဆက်ဆံရေး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခွင့်အလမ်းများကို ယူဆောင်လာလိမ့်မည်ဖြစ်ကြောင်း ၊ ယင်းမှာ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးထိုးနေခြင်းဖြစ်ကြောင်း” KCNA သတင်းက ဆိုသည်။(Xinhua)