Connect with us

Asia

မြောက်ကိုရီးယား အမျိုးသား သေဆုံးမှုတွင် ဓာတုပစ္စည်း သုံးစွဲခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့ ထုတ်ပြန်

မြောက်ကိုရီးယား နိုင်ငံသား အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ လေဆိပ်တွင် သေဆုံးခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား အမျိုးသား တစ်ဦးမှာ ဓာတုလက်နက်ဒဏ်ကြောင့် သေဆုံးရခြင်း ဖြစ်သည်ကို ၎င်း၏ ခန္ဓာကိုယ်အတွင်း ခွဲစိတ်မှုမှ တွေ့ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောကြားလိုက်သည်။

အဆိုပါ မြောက်ကိုရီးယားနိုင်ငံသား၏ ခန္ဓာကိုယ်ထဲတွင် လူကို သေစေနိုင်သော အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဓာတ်ငွေ့ VX အား တွေ့ရှိရကြောင်း၊ ယင်း အဆိပ်ဓာတ်ငွေ့က မလေးရှားနိုင်ငံတွင် တားမြစ်ထားသည့် ဓာတု လက်နက်ပစ္စည်း ဖြစ်ကြောင်း ရဲချုပ် ခါလစ် အဘူဘက်ကာက လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်း ဓာတုပစ္စည်းအား မလေးရှားနိုင်ငံအတွင်းသို့ မည်သို့ သွင်းယူလာသည်ကို စုံစမ်းလျက်ရှိကြောင်း ၎င်းက ပြောသည်။အာရုံကြောကို ထိခိုက်စေပြီး အသက်သေစေနိုင်သော အဆိုပါ VX အဆိပ်ဓာတ်ငွေ့အား သေဆုံးသူ အမျိုးသား၏ မျက်စိအမြှေးပါးနှင့် မျက်နှာပေါ်တို့၌ တွေ့ရှိခဲ့ရကြောင်း ကနဦး လေ့လာဆန်းစစ်မှု တစ်ခုတွင် ခါလစ်ကိ ပြောကြားထားသည်။

VX အဆိပ်ဓာတ်ငွေ့သည် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မလေးရှားနိုင်ငံ ဓာတု လက်နက်ဆိုင်ရာ သဘောတူညီစာချုပ်နှင့် နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေး သဘောတူညီချက် တစ်ခု ဖြစ်သည့် ဓာတု လက်နက်များဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ အပိုဒ်၁ အရ စာရင်းဝင် ဓာတု လက်နက်ပစ္စည်း တစ်မျိုး ဖြစ်သည်။

အဆိုပါ မြောက်ကိုရီးယား နိုင်ငံသား အမျိုးသားသည် ဖေဖော်ဝါရီလ ၁၃ ရက်က မလေးရှား လေဆိပ်တွင် လုပ်ကြံခံရပြီးနောက် ဆေးရုံသို့ သွားရာ လမ်း၌ သေဆုံးခဲ့ကြောင်း၊ ၎င်းအား မြောက်ကိုရီးယားနိုင်ငံမှ ကင်ချွဲဟု မလေးရှား ရဲတပ်ဖွဲ့က ပြောဆိုထားသည်။သံရုံး စာရွက်စာတမ်းများအရ ယင်း အမျိုးသားသည် မြောက်ကိုရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအန်း၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ် ဖြစ်ကြောင်း မလေးရှား ဒုတိယ ဝန်ကြီးချုပ်က ပြောကြားခဲ့သော်လည်း ထို အချက်အား မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)