Connect with us

Asia

လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၇,၉၇၃ ဦးရှိလာ

ခြင်တစ်ကောင်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးမှာ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင်ဖြစ်ပြီး အရေအတွက်အားဖြင့် ၁,၈၅၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးအောက်ရှိ သတင်းအချက်အလက်နှင့် ကျန်းမာရေးပညာပေးစင်တာက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

Bolikhamxay ပြည်နယ်တွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၉၂၂ ဦး၊ Bokeo ပြည်နယ်တွင် ၇၄၀ ဦးနှင့်Savannakhet ပြည်နယ်၌ ၇၁၀ ဦး အသီးသီးရှိကြောင်း သိရသည်။
ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအရေအတွက်အနေဖြင့် မြို့တော် ဗီယင်ကျန်းတွင် ၄ ဦး၊ Bolikhamxay နှင့် Khammuan ပြည်နယ်များ၌ ၂ ဦးစီနှင့် Xayaboury ၊ Xieng Khuang ၊ Savannakhet နှင့် Phongsaly စသည့်ပြည်နယ်များတွင် ၁ ဦးစီရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မိမိတို့၏နေအိမ်များနှင့် လုပ်ငန်းခွင်နေရာများရှိ ခြင်ပေါက်ပွားနိုင်သည့်နေရာများအား ရှင်းလင်းရန် လာအို ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါကူးစက်မှုမြန်ဆန်သည့် ရောဂါများအနက် တစ်ခုဖြစ်ကြောင်းနှင့် လက်ရှိတွင် ခြင်မှတစ်ဆင့် လျင်မြန်စွာကူးစက်ပျံ့နှံ့တတ်သော ရောဂါဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူ စသည့်နိုင်ငံများတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိကြောင်း၊ အနောက်ပစိဖိတ်ဒေသတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရေအတွက်သည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)