Connect with us

Asia

လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံသမ္မတ ပြောကြား

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaနှင့် သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)တို့ မေ ၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ၀ဘ်ဆိုက်ဘ်)

ကိုလံဘို၊ မေ ၅ ရက်(ဆင်ဟွာ)

လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaက သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)နှင့် မေ ၄ ရက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတ Maithripala Sirisenaက သီရိလင်္ကာနိုင်ငံ၏အခက်ခဲဆုံးအချိန်တွင် တရုတ်နိုင်ငံက ခိုင်မာသည့် ထောက်ခံအားပေးမှုများပြုသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားလိုရာ အထူးသဖြင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သွားလိုကြောင်း ၊ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု၏ အသီးအပွင့်ရလဒ်ကောင်းများကို သီရိလင်္ကာနိုင်ငံ၏အများပြည်သူခံစားနိုင်စေရန် စီမံကိန်းကြီးများတည်ဆောက်မှုကို အားစိုက်တွန်းအားပေးဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)ကလည်း ဧပြီ ၂၁ရက်က သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူများအတွက် တရုတ်နိုင်ငံခေါင်းဆောင်များ မှ ဝမ်းနည်းကြောင်း နှင့် နှစ်သိမ့်မေးမြန်းကြောင်း ၊ မည်သည့်အချိန်အခါမဆို တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက သီရိလင်္ကာနိုင်ငံနှင့်အတူ ခိုင်မာစွာရပ်တည်မည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မှုများကို ခိုင်မာစွာထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဧပြီ ၂၁ရက်က သီရိလင်္ကာနိုင်ငံတွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)