Connect with us

Asia

အိန္ဒိယစစ်တပ်က အစ္စရေးထုတ် တင့်ကားဖျက်ဒုံးကျည်ကို ကက်ရှ်မီးယား၌ စမ်းသပ်

အစ္စရေးနိုင်ငံထုတ် တင့်ကားဖျက်ဒုံးကျည်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ စစ်တပ်က အစ္စရေးနိုင်ငံထုတ် တင့်ကားဖျက်ဒုံးကျည်ကို ကက်ရှ်မီးယားဒေသ အားနှစ်ပိုင်ခွဲခြားထားသည့် နယ်စပ်မျဉ်း(LoC) အိန္ဒိယဘက်အခြမ်းတွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်(AIR) ရုပ်သံက ယနေ့နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ စမ်းသပ်မှုကို နယ်စပ်မျဉ်း(LoC) တစ်လျှောက်တွင် လုပ်ဆောင်ခဲ့ကြောင်း ရုပ်သံသတင်းက ဆိုသည်။

“ အိန္ဒိယစစ်တပ်ဟာ အစ္စရေးလုပ် တင့်ကားဖျက်ဒုံးကျည် Spike စမ်းသပ်မှုကို ပါကစ္စတန်နိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်းက ကာကွယ်ရေးမျဉ်းတည်ရှိရာ ဂျမ်မူ( Jammu) နဲ့ ကက်ရှ်မီးယားဒေသမှာ ပြုလုပ်ခဲ့ပါတယ်” ဟု AIR ရုပ်သံ က ဆိုသည်။

“ Spike ဟာ ရွေ့လျားသယ်ဆောင်နိုင်တဲ့ ပခုံးထမ်းဒုံးကျည်မျိုးပါ၊ တင့်ကားတွေကို ဖျက်ဆီးပစ်နိုင်အောင် အင်အားကြီးပါတယ် ၊ ပြီးတော့ ၄ ကီလိုမီတာအကွာမှာရှိတဲ့ မြေအောက်ဘန်ကာတွေကိုလည်း ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ် ” ဟု ဆိုသည်။

၎င်းဒုံးကျည်သည် ပစ်လွှတ်ပြီးနောက်တွင် ထိန်းချုပ်ရန် မလိုအပ်သော ဒုံးကျည်မျိုးဖြစ်ကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်၏ အရေးပေါ်ရံပုံငွေဖြင့် ယခုနှစ် ဇူလိုင်လတွင် အဆိုပါ ဒုံးကျည်များကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

အိန္ဒိယ နှင့် ပါကစ္စတန် တပ်ဖွဲ့များသည် နယ်စပ်မျဉ်းတွင် လက်နက်ကြီးများ နှင့် မော်တာများဖြင့်  မကြာခဏ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်။  အဆိုပါ နယ်စပ်မျဉ်းတစ်လျှောက်တွင် ပြီးခဲ့သော ၃ လအတွင်း ပစ်ခတ်မှု အကြိမ်ရေတိုးများလာခဲ့ကြောင်း နှင့် ယခုနှစ်အတွင်း နှစ်ဖက်ပစ်ခတ်မှု စုစုပေါင်း အကြိမ်ရေ ၂,၀၀၀ ကျော်ထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံတို့သည် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်နေကြောင်း နှင့် ရန်စသည့်အပြုအမူများကို ပြုလုပ်နေကြောင်း အပြန်အလှန် စွပ်စွဲထားကြသည်။ ထို့ပြင် နှစ်ဖက်တပ်ဖွဲ့ဝင်များသည် အသင့်အနေအထားဖြစ်  ပြင်ဆင် ထားကြောင်း သိရသည်။

LoC မျဉ်းသည် အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် အလွန် ထိလွယ်ရှလွယ်သော နယ်နိမိတ်မျဉ်းတစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် အလွန်တင်းမာစွာ တပ်စွဲထားသော နေရာဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံသည် ဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်း(သို့မဟုတ်) တပ်ဆုတ်ခြင်း မရှိဘဲ လိပ်ခဲတည်းလည်းဖြစ်နေကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.