Connect with us

Asia

ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်းများ ဗီယက်နမ်သို့ ရောက်ရှိလာ

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဟနွိုင် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ Essex မြို့၌ ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့သူ ၃၉ ဉီး အနက် ကြွင်းကျန်ရုပ်အလောင်း ၁၆ ခုသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းမှာ ကြွင်းကျန်ရုပ်အလောင်း ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၏ ပထမအသုတ် ရောက်ရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါ ရုပ်အလောင်း ၁၆ ခုကို သက်ဆိုင်ရာ ပြည်နယ်အသီးသီး၏ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး မိသားစုနေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသေးသောရုပ်အလောင်းများကို ထပ်မံလွှဲပြောင်းပေးနိုင်ရန် ဗီယက်နမ် နှင့် ဗြိတိန် အာဏာပိုင်များ အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းက ဆိုသည်။

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ကုန်တင်ကားအတွင်းပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ရောက်ရှိလာသော ရုပ်အလောင်းများကို လူနာတင်ယာဉ်များဖြင့် ၎င်းတို့၏ နေရပ် ပြည်နယ်များသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း ဗီယက်နမ်ပြည်တွင်း VnExpress သတင်းစာက ဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui Thanh Son က ကြွင်းကျန်ရုပ်အလောင်း ပြန်လည်သယ်ယူရန် ကုန်ကျငွေကို အစိုးရက ဉီးစွာစိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း နှင့် သေဆုံးသူများ၏ မိသားစုဝင်များအနေဖြင့် ၎င်းကုန်ကျစရိတ်ငွေကို နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။

သေဆုံးသူများ၏ မိသားစုဝင်အများစုသည် ရုပ်အလောင်းများကို ပြန်လည် ရယူလိုသော်လည်း အနည်းငယ်သော မိသားစုဝင်က  ကြွင်းကျန်အရိုးပြာကိုသာ ပြန်လည် ရယူလိုကြောင်း Son က ဆိုသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ အရိုးပြာအိုး ပြန်လည်ပို့ဆောင်ရန် ကုန်ကျစရိတ်မှာ စတာလင်ပေါင် ၁,၃၇၀ ( အမေရိကန်ဒေါ်လာ ၁,၇၇၁ ) ရှိပြီး ဇင့်သတ္တုဖြင့် ပြုလုပ်ထားသော ခေါင်းတလား ဖြင့် ပြန်လည်သယ်ဆောင်ပါက အခေါင်းတစ်ခုလျှင် ကုန်ကျငွေ စတာလင်ပေါင် ၂,၂၀၈ (အမေရိကန်ဒေါ်လာ ၂,၈၅၄ဒသမ၅ ) ရှိကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ပြီးခဲ့သော အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံသား ၃၉ ဉီးသည် ဗြိတိန်နိုင်ငံ Essex မြို့၌ အလုံပိတ် ကုန်တင်ကားတစ်စီးအတွင်း ပိတ်မိသေဆုံးခဲ့ကြရသည်။ ၎င်းတို့သည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ် ၊ အလယ်ပိုင်း Nghe An ၊ Ha Tinh ၊ Quang Binh နှင့် Thua Thien Hue ပြည်နယ်များမှ အသီးသီးဖြစ်ကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)