Connect with us

Asia

အိန္ဒိယနိုင်ငံ၌ စက်လှေတိမ်းမှောက်မှုဖြစ်ပွားရာ လူ ၂၃ ဦးသေဆုံး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ဇန်နဝါရီလ ၁၄ ရက်က စက်လှေတစ်စင်း နှစ်မြုပ်သွားသည်ကို ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ဇန်နဝါရီလ ၁၄ ရက် က ခရီးသည်အများအပြားတင်ဆောင်ထားသော စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၂၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ စက်လှေသည် ဘီဟာပြည်နယ်မြို့တော် Patna မြို့လယ်ရှိ NIT (အိန္ဒိယနိုင်ငံအမျိုးသားနည်းပညာသိပ္ပံ) Ghat အနီး ဂင်္ဂ ါမြစ်ထဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစ်မြုပ်သွားသော စက်လှေပေါ်တွင် ခရီးသည် ၄ဝ ဦးလိုက်ပါသွားပြီး ၎င်းစက်လှေ တင်ဆောင်နိုင်သောလူဦးရေ ပမာဏထက် ပို၍ တင်ဆောင်သွားခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

“ လူ ၄ဝ နီးပါးလောက်တင်ဆောင်လာတဲ့ စက်လှေတစ်စင်းဟာ ဒီနေ့ညနေ ၆ နာရီလောက်မှာ နစ်မြုပ်သွားပါတယ်” ဟု Harish Yadav အမည်ရှိ ဒေသခံတစ်ဦးက ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့သည်။

“ အဲဒီစက်လှေဟာ မြစ်လယ်က ကျွန်းတစ်ကျွန်းပေါ်မှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ Makar Sankranti စွန်လွှတ်ပွဲတော်ကနေ ပြန်လာတာပါ” ဟု ၎င်းက ဆိုသည်။

စက်လှေတိမ်းမှောက်စဉ် ဒေသခံများသည် ရေထဲခုန်ဆင်း၍ ရေနစ်သူများကို ကမ်းခြေသို့ဆယ်ယူပေးခဲ့ကြောင်း သိရသည်။ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ကလည်း အခင်းဖြစ်နေရာသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ မြစ်ထဲကနေ အလောင်း ၁၅ လောင်းကို ဆယ်ယူရရှိထားပါတယ်” ဟု ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးက ဆိုသည်။ “ အခြား လူ ကိုးယောက်ကိုတော့ ဒေသခံတွေက မြစ်ထဲကနေ ဆယ်ယူပြီး ကမ်းခြေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီလူတွေကို နီးစပ်ရာ ဆေးရုံဆီ ပို့ပေးထားပါတယ်” ဟု ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နံနက်တွင် ထပ်မံရရှိသော သတင်းအရ စက်လှေတိမ်းမှောက်မှု၌ သေဆုံးသူဦးရေမှာ ၂၃ ဦးအထိ ရှိလာကြောင်း သိရသည်။ထို့ပြင် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိသည်ကို အာဏာပိုင်များက စိုးရိမ်နေသည်။ ဘီဟာပြည်နယ်ဝန်ကြီးချုပ် Nitish Kumar က စက်လှေတိမ်းမှောက်မှုအတွက် အံ့သြထိတ်လန့်မိကြောင်း နှင့် အခင်းဖြစ်ရပ်အား ဖော်ထုတ်သွားကြရန် အဆင့်မြင့်ဆုံး အနေဖြင့် အမိန့်ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.