Connect with us

Asia

အိန္ဒိယ၏ မိန်းမမုန်းတီးရေးဝါဒကို ပြောင်းလဲပစ်ရန် ရုပ်ရှင်ကကြားခံတစ်ခုဖြစ်ကြောင်း အိန္ဒိယဒါရိုက်တာပြော

မဲလ်ဘုန်းမြို့၌ ကျင်းပနေသည့် ၂ဝ၁၆ ခုနှစ် အိန္ဒိယရုပ်ရှင်ပွဲတော်၌ Parched ရုပ်ရှင်ဇာတ်ကားကို ပြသနေစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယယဉ်ကျေးမှုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မိန်းမမုန်းတီးရေးဝါဒကို ရုပ်ရှင်က ပြောင်းလဲပစ်နိုင်စွမ်းရှိ ကြောင်း အိန္ဒိယရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောဆိုလိုက်သည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ သြဂုတ်လ ၁ဝ ရက်က စတင်ကျင်းပသည့် အိန္ဒိယရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ Parched ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သော ဒါရိုက်တာ Leena Yadav က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရုပ်ရှင်သည် အိန္ဒိယအမျိုးသမီးများ၏ အမူအကျင့်ကို ရည်ညွှန်းပြီးရိုက်ကူးထားသည့် ဇာတ်ကား တစ်ကားဖြစ်ကြောင်း ၎င်းကဆိုသည်။
“ Parched ဇာတ်ကားဟာ အမျိုးသားတွေအတွက် ဖြည့်ဆည်းပေးနေရတဲ့ အမျိုးသမီးတွေရဲ့ ဘဝ အဆင့်အတန်းကို ပုံဖော်ထားတာပါ။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာခွဲခြား ဆက်ဆံနေတဲ့ အမျိုးသမီးမုန်းတီးရေးဝါဒ အပေါ် တုံ့ပြန်ပုံဖော်ထားတဲ့ ကျွန်မရဲ့ ဖန်တီးမှုတစ်ခုပေါ့ ” ဟု Yadav ၏ ပြောဆိုချက်ကို ကိုးကားပြီး ABC သတင်းဌာနက ရေးသားဖော်ပြသည်။
“ ဒီနေ့အချိန်ထိ မေးခွန်းအပြန်အလှန်ထုတ်ခွင့်မရဘဲ မျိုးဆက်တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအခြေအနေတွေ နဲ့ သေချာတဲ့လမ်းကြောင်းတစ်ခုပေါ်မှာ ကျွန်မတို့တစ်ဦးချင်းစီဟာ အမှန်တကယ် ဘယ်လိုပြုမူနေထိုင်လာခဲ့ကြရလဲ ” ဟု Yadav က မေးခွန်းထုတ်ခဲ့သည်။
“ဆိုးဝါးတာဟာကောင်းလား (ဒါမှမဟုတ်) အဆိုး ၊ အကောင်း အခြေအနေတွေကို ရုပ်ရှင် ပိတ်ကားထက်မှာ ထင်ဟပ်စေတာပေါ့ ။ ဘာကြောင့်လဲဆိုတော့ ပြန်လှန်ဆွေးနွေးတဲ့ အလေ့အကျင့်တစ်ခုကို ကျွန်မတို့ဖန်တီးရမယ်။ တွေ့ဆုံဆွေးနွေးရေးဟာ ပြောင်းလဲခြင်း အစတစ်ခုပဲ ဆိုတာ သိပ်ကို သေချာတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ အပြောင်းအလဲအတွက် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရတယ်။ဒါပေမယ့် သေးငယ်တဲ့ခြေလှမ်းတိုင်းဟာ အကောင်းဖက်ကိုဦးတည်တဲ့ ခြေလှမ်းတွေပဲလို့ကျွန်မ ထင်တယ် ” ဟု ဆိုသည်။
သြဂုတ်လ ၁ဝ ရက်မှ စတင်သည့် အိန္ဒိယရုပ်ရှင်ပွဲတော်သည် ၁ဝ ရက်တိတိကြာမြင့်မည်ဖြစ်ပြီး အမျိုးသမီးဒါရိုက်တာများ၏ ရုပ်ရှင်ဇာတ်ကားများကို အဓိကထားပြသသွားမည်ဖြစ်သည်။
“ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းအတွက် အမျိုးသမီးဒါရိုက်တာတွေဟာ ပြောင်းလဲခြင်းဆုံမှတ်ပဲပေါ့ ” ဟု ရုပ်ရှင်ပွဲကျင်းပရေး ညွှန်ကြားရေးမှူး Mitu Bhowmick-Lange က ဆိုသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားပေါင်း ၅ဝ ကားပြသသွားမည်ဖြစ်ပြီး ခန့်မှန်းခြေ ပရိသတ်ပေါင်း ၃၅,ဝဝဝ ခန့်တက်ရောက်မည်ဟု မျှော်လင့်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.