Connect with us

Asia

အိန္ဒိယ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

နိုဝင်ဘာလ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ အူထရာပရာဒတ်ရှ်ပြည်နယ်က နိုင်ငံပိုင် ကျောက်မီးသွေး စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အူထရာပရာဒတ်ရှ်ပြည်နယ်တွင် နိုင်ငံပိုင် ကျောက်မီးသွေး စက်ရုံ တစ်ရုံရှိ ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာခဲ့ပြီး ၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ (နိုဝင်ဘာလ ၂ ရက်) တွင် ပြောကြားလိုက်သည်။

“ခု သေဆုံးသူတွေက ၂၆ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ကို လက်ရှိ ပြည်နယ် ဆေးရုံမှာ ဆေးကုသနေဆဲဖြစ်ပါတယ်။ ဒဏ်ရာရသူ တချို့က စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေသေးလို့ သေဆုံးသူ အရေအတွက်လဲ တိုးလာဖွယ်ရှိတယ်” ဟု အူထရာပရာဒတ်ရှ်ပြည်နယ် ဝန်ကြီး Arvind Kumar က ပြည်နယ်မြို့တော်ဖြစ်သော Lucknow တွင် မီဒီယာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် အူထရာပရာဒတ်ရှ်ပြည်နယ်မှ ၁၁၀ ကီလိုမီတာ အကွာရှိ Raebareli ခရိုင် Unchahar မြို့တွင် တည်ရှိသော National Thermal Power Corporation (NTPC) စက်ရုံတွင် ဝန်ထမ်း ၂၀၀ နီးပါး တာဝန်ထမ်းဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးသမားများက အပျက်အစီးများအကြား ပိတ်မိနေသော အလုပ်သမားများအား ရှာဖွေရေး လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ပြာတွေကို လွှဲပြောင်းသယ်ပို့ပေးရတဲ့ အခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားတာဖြစ်ပြီး အပူချိန် မြင့်တက်လာပြီးနောက် ပြာတွေ ပွင့်ထွက်ကာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ပြာတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်” ဟု အဆင့်မြင့် အရာရှိ Kumar Khatri က မီဒီယာသို့ ပြောကြားခဲ့သည်။

အဆိုပါ စက်ရုံသည် နှစ်ပေါင်း ၃၀ နီးပါး သက်တမ်းရှိပြီး ယခုနှစ် မတ်လက စတင်လည်ပတ်ခဲ့သော လျှပ်စစ် ၅၀၀ မဂ္ဂါဝပ် ထွက်ရှိသည့် ယူနစ်ရှိ ဘွိုင်လာပိုက်လိုင်း ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ အခြား ဘွိုင်လာ တစ်ခုလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရားရုံးတွင် အမှု ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.