Connect with us

Asia

အီရတ် နိုင်ငံ ဒီယာလာ ပြည်နယ် တွင် ကားဗုံးဖောက်ခွဲမှု ကြောင့် လူပေါင်း ၆၀ သေဆုံး

အီရတ်နိုင်ငံ လေတပ်မှ အီရတ် နိုင်ငံ အတွင်းရှိ IS တပ်ဖွဲ့များအား ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ကားတစ်စင်း ပျက်စီး နေသည်ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

အီရတ် နိုင်ငံ အရှေ့ပိုင်းရှိ ဒီယာလာ ပြည်နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က ကားဗုံး ဖောက်ခွဲမှုကြောင့် လူပေါင်း ၆၀ သေဆုံးပြီး ၆၉ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း အီရတ် နိုင်ငံ လုံခြုံရေးဌာနမှ သတင်းထုတ် ပြန်ခဲ့သည်။

ဒီယာရာ ပြည်နယ်ရှိ လုံခြုံရေး အရာရှိ တစ်ဦးမှ ဆင်ဟွာ သတင်းဌာနသို့ အင်တာဗျူး ဖြေကြား ခဲ့ရာတွင် ပေါက်ကွဲနိုင်သည့် ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စင်းသည် ဒီယာရာ ပြည်နယ်၏ မြို့တော် Baquba မြို့ အနီး Huwaider ကျေးရွာရှိ ဈေးတွင် ပေါက်ကွဲခဲ့ပြီး ထိုနေရာရှိ ရွာသား ၅၂ ဦးသေဆုံးကာ ၆၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၀ ကျော် ပျက်စီး သွားကြောင်း ပြောကြား ခဲ့သည်။

လုံခြုံရေး အရာရှိမှ ဈေးအတွင်း ရပ်နား ထားသော ကားပေါ်တွင် ပေါက်ကွဲ စေနိုင်သည့် ပစ္စည်း ၃ တန် တင်ဆောင်ထားကြောင်း ၊ ထိုပေါက်ကွဲ စေနိုင်သည့် ပစ္စည်းများပေါ်တွင် အသီးအရွက် များဖုံးအုပ် ထားခဲ့ကြောင်း ၊ ပေါက်ကွဲစဉ် အချိန်သည် ဈေးအတွင်း လူစည်ကား နေသည့် အချိန် ဖြစ်သောကြောင့် ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ၊ သေဆုံးသူ များတွင် ကလေးငယ်များနှင့် အသက်ကြီးသူ များလည်း ပါဝင်ခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူ ၆၅ ဦးတွင် ၂၀ ဦးမှာ စိုးရိမ် ရကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ အတွင်းတွင်လည်း အသေခံ ကားဗုံး ဖောက်ခွဲ တိုက်ခိုက် သူတစ်ဦးသည် ကားပေါ်တွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ အပြည့်တင်ဆောင်၍ Baquba မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာ ရှိ Kanaan မြို့မှ စစ်ဆေးရေး ဂိတ်ကို တိုက်ခိုက် ခဲ့သည်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ရဲဝန်ထမ်း ၅ ဦး ၊ စစ်သည် ၂ ဦး နှင့် အရပ်သား ၁ ဦး တို့သေဆုံးခဲ့ပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခု နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အီရတ် စစ်ဘက် ဆိုင်ရာမှ ဒီယာရာ ပြည်နယ် အတွင်းရှိ IS တပ်ဖွဲ့များ ကို အပြီးပြတ် ချေမှုန်း မည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့သည်။ လက်တလော ရက်ပိုင်းများတွင် ဒီယာရာ ပြည်နယ် အတွင်း IS တပ်ဖွဲ့မှ အကြမ်းဖက်မှု များ အဆက်မပြတ် ဆောင်ရွက်နေပြီး ဇူလိုင် ၁၇ ရက်နေ့က Baquba မြို့ တောင်ဘက်ရှိ ဈေးတွင် ပြုလုပ်ခဲ့သည့် ကားဗုံးဖောက်ခွဲမှုတွင် လူပေါင်း ၉၀ သေဆုံး၍ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ (Xinhua)