Connect with us

Asia

ပျက်ကျခဲ့သော အင်ဒိုနီးရှား လေယာဉ်၏ Black Box နှင့် သေဆုံးသူ ၅၄ ဦး၏ ရုပ် အလောင်းများအား ရှာဖွေတွေ့ရှိ

အင်ဒိုနီးရှား လေယာဉ် ပျက်ကျ ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ပါပူအာဒေသ အော့စီဘီလ်မြို့ရှိ လေယာဉ် ပျက်ကျခဲ့သောနေရာ အနီးတွင် ကယ်ဆယ် ရေးသမားများက အဆိုပါ လေယာဉ်၏ Black Box အား သြဂုတ်လ ၁၈ ရက်နေ့တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြား လိုက်သည်။

“ ဒေသ စံတော်ချိန် ၁း၄၀ နာရီမှာ ပျက်ကျခဲ့သော Trigana လေယာဉ်ရဲ့ Black Box ကို ရှာတွေ့ခဲ့ ပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ဂျေအေ ဘရာတာ က တယ်လီဖုန်းမှ တဆင့် ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

လေယာဉ်ပေါ် ပါ ခရီးသည် ၅၄ ဦးလုံး၏ ရုပ်အလောင်းများအားလည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များက ယနေ့ ဒေသ စံတော်ချိန် ၁၁း၀၀ နာရီ အချိန်တွင် အော့စီဘီလ်မြို့ အနီး အော့ဘိတ် ခရိုင်၌ ရှာဖွေ တွေ့ရှိထားကြောင်း သတင်း ထုတ်ပြန်ထားပြီး လေယာဉ် အစိတ်အပိုင်းများ ကိုလည်း တနင်္ဂနွေနေ့ ကတည်းက တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ရှာဖွေ တွေ့ရှိထားသော ရုပ်အလောင်းများအား ဟယ်လီကော်ပတာဖြင့် ဂျာယာပူရာမြို့၏ စန်တန်နီ လေဆိပ်သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ပြီး ဂျာယာပူရာမြို့ Bhayanggkara ဆေးရုံ သို့ ပို့ဆောင်ကာ သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်သည်။

ATR-42 ခရီးသည်တင် လေယာဉ်သည် စတင် ပျံသန်း ထွက်ခွာပြီး တနင်္ဂနွေနေ့ ဒေသ စံတော်ချိန် နေ့လည် ၂း၅၅ နာရီတွင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ ပြီးနောက် လေယာဉ်သည် ပါပူအာဒေသရှိ Tangok တောင်အား တိုက်မိပြီးနောက် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဘရာတာ ကပြောသည်။

မတော်တဆမှုသည် အော့စီဘီလ် လေဆိပ်နှင့် ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ (Basarnas) ၊ စစ်တပ်၊ ရဲ နှင့် စေတနာ့ ဝန်ထမ်း စုစုပေါင်း ၃၀၄ ဦးက ကယ်ဆယ်ရေးနှင့် အခြား ဆက်စပ် လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)