Connect with us

Asia

ဂျပန်နိုင်ငံ၏ COVID-19 ကုသနိုင်မည့် Avigan ဆေးဝါးလက်တွေ့စမ်းသပ်မှု စက်တင်ဘာတွင် ပြီးမြောက်မည် 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ ဖူဂျီဖလင် ဟိုးလ်ဒင်း ကော်ပိုရေးရှင်းက COVID-19 ကုသရန်အလားအလာရှိသည့် တုပ်ကွေးတိုက်ဖျက်ရေးဆေးဝါး Avigan အား လက်တွေ့စမ်းသပ်မှုများကို စက်တင်ဘာလတွင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း သြဂုတ် ၁၃ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။

ဖူဂျီဖလင် ဟိုးလ်ဒင်း ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လျက်ရှိသော Avigan ဆေးဝါးသည် ရောဂါမပြင်းထန်သော COVID-19 ကူးစက်ခံရသူများ သို့မဟုတ် ဗိုင်းရပ်စ်စတင်ကူးစက်ခံရသူများ၏ ရောဂါလက္ခဏာကို ကုသရာတွင် အကျိုးရှိနိုင်ဖွယ်ရှိကြောင်း ယုံကြည်ထားသည်။ 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါဆေးဝါးသည် COVID-19 လူနာများကို ကုသရာတွင်  ထိရောက်မှုရှိမရှိ လက်တွေ့စမ်းသပ်မှု ကို မတ်လက  စတင်ခဲ့ပြီး ဇွန်လတွင်စမ်းသပ်မှု ပြီးစီးရန် ကုမ္ပဏီက မျှော်လင့်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က ဂျပန်နိုင်ငံတွင် ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာဦးရေ လျော့ကျနေသောကြောင့် လူနာ ၉၆ ဦး စာရင်းသွင်းရန် ရည်မှန်းထားမှု ပြည့်မီရန်အခက်အခဲရှိခဲ့ကြောင်း သိရသည်။

မေလနှောင်းပိုင်းတွင် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ အပြည့်အဝ ရုပ်သိမ်းပြီးနောက် မကြာသေးမီက  တိုကျိုနှင့် ပတ်ဝန်းကျင် နေရာများ အပါအဝင် မြို့ပြနေရာများ၌ COVID-19 ဆက်လက်ပျံ့နှံ့မှု ပြန်လည်ဖြစ်ပွားလာခဲ့သည်။

“ကျွန်တော်တို့ စီစဉ်ထားတာထက် အချိန်ပိုယူခဲ့သော်လည်းပဲ အတည်ပြုချက်ရရှိဖို့နဲ့ လက်တွေ့စမ်းသပ်မှု ပြီးစီးဖို့ ဖြစ်နိုင်သမျှမြန်မြန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကုမ္ပဏီဥက္ကဋ္ဌနှင့် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ဖြစ်သူ Kenji Sukeno ကပြောကြားခဲ့သည်။

လက်တွေ့လေ့လာမှု အတွက် နောက်ဆုံးလူနာ စမ်းသပ်ခြင်းကို သြဂုတ် ၁၆ ရက်တွင်  လုပ်ဆောင်မည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များအားလုံး နောက်လတွင် စုဆောင်းပြီးဖြစ်လိမ့်မည် ဟု ကုမ္ပဏီ၏ အဆိုအရ သိရသည်။

မေလတွင် ဆေးဝါးအတွက် အတည်ပြုချက်ရရှိနိုင်မည်ဟု ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ၎င်း၏မျှော်လင့်ချက်ကိုပြောကြားခဲ့သည်။ သို့သော်လည်း မေလလယ်တွင် ထုတ်ပြန်ခဲ့သည့် ဂျပန်တက္ကသိုလ်တစ်ခု၏ ကြားဖြတ် ကြားဖြတ်အစီရင်ခံစာတွင်မူ ဆေးဝါး၏ထိရောက်မှုနှင့် ပတ်သက်ပြီး တိကျစွာညွှန်ပြထားခြင်းမရှိကြောင်း သိရသည်။  (Xinhua)