Connect with us

Asia

CPEC အရ တည်ဆောက်သော ပါကစ္စတန်၏ ပထမဆုံးမြေအောက်ရထားစီမံကိန်းက ပါကစ္စတန်နိုင်ငံ၏ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးစနစ် ပြန်လည်အသက်ဝင်လာစေမည်ဟု ကျွမ်းကျင်သူများ ပြောကြား

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ မြေအောက်ရထားလုပ်ငန်းအား ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အရ တည်ဆောက်ထားသော ပထမဆုံး မြို့ပြရထားလုပ်ငန်းက နိုင်ငံ၏ စီးပွားရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်လည်အသက်ဝင်လာစေမည် ဖြစ်ကြောင်း ပါကစ္စတန် ကျွမ်းကျင်သူများက ဆိုသည်။

Orange Line Metro Train (OLMT)  စမ်းသပ်ပြေးဆွဲခြင်းကို နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးတွင် လွန်ခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် CPEC ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Export-Import Bank of China ၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်၌ အပြည့်အဝလည်ပတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 ၎င်းစီမံကိန်းက ပါကစ္စတန်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဂျီဒီပီ (GDP) နှင့် နိုင်ငံ၏ အခြေခံဂျီဒီပီများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း အစ္စလာမ်မာဘတ်ရှိ အမျိုးသား သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ဇာဖာမာမွတ် (Zafar Mahmood) က ဆင်ဟွာနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၏ အများပြည်သူများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၏ အများပြည်သူများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယင်းစီမံကိန်းသည် ပါကစ္စတန်နိုင်ငံတွင် လူဦးရေ ၁၀ သန်းကျော်ရှိသည့် ဒုတိယလူနေထူထပ်ဆုံးမြို့ဖြစ်သော လာဟိုးမြို့ရှိ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာဟိုးမြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအထောက်အပံ့များ အားနည်းခြင်းကြောင့် သယ်ယူပို့ဆောင်ရေးက ကြီးမားသော အရေးကိစ္စတစ်ခုဖြစ်ပါကြောင်း၊ နေ့ရက်အများစုတွင် ဒေသခံများအနေဖြင့် လုပ်ငန်းခွင်များနှင့် အခြားသွားလိုရာနေရာများသို့ သွားရောက်ခြင်း၊ နေအိမ်ပြန်ခြင်း စသည်တို့အတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရလျက်ရှိကြောင်း၊ ယင်းအခြေအနေများက ကျန်းမာရေးနှင့် လူမှုဘဝအတွက် အန္တရာယ်ရှိကြောင်း စီးပွားရေး ပါမောက္ခ ဇာဖာမာမွတ်က ဆင်ဟွာသို့ ပြောခဲ့သည်။

ရထားတွဲတစ်စင်းစီတွင် လေအေးစနစ်ပါရှိသည့်ရထားတွဲ ငါးတွဲစီပါဝင်သော စွမ်းအင်ချွေတာလျှပ်စစ်ရထား ၂၇ စင်းက ဘူတာရုံ ၂၆ ရုံ၌ ရပ်နားသွားမည်ဖြစ်ကြောင်း OLMT စမ်းသပ်ပြေးဆွဲစဉ်တွင် ပန်ဂျပ် အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး အာဏာပိုင်၊ အထွေထွေမန်နေဂျာ အူဇာရှား (Uzair Shah) က ပြောခဲ့သည်။

“ဒီရထားသစ်က အချိန်နှောင့်နှေးမှု၊ လောင်စာဆီသုံးစွဲမှု၊ ပဋိပက္ခတွေနဲ့ မတော်တဆမှုတွေ၊ လေထုညစ်ညမ်းမှုနဲ့ အသံဆူညံမှုတွေကို လျှော့ချပေးသွားမှာပါ” ဟု ဘယ်လ်ဂျီယံနိုင်ငံ Katholieke Universiteit Leuven အဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြ သုတေသနဆိုင်ရာ ပါကစ္စတန် ပညာရှင် ဖာဇာနာ ယက်စ်မင် (Farzana Yasmin) က ပြောခဲ့သည်။

မြေအောက်ရထားလုပ်ငန်းက ကာဗွန်ထုတ်လွှတ်မှုနှင့် မော်တော်ယာဉ်များမှ မီးခိုးငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြေရှိသလို လာဟိုးမြို့အတွင်း လုပ်ဆောင်နေသည့် မီးခိုးမြူကိစ္စနှင့် အသံဆူညံမှု လျှော့ချရေးကိုလည်း ကူညီရာရောက်ကြောင်း သုံးသပ်ခဲ့သည်။ (Xinhua)