Connect with us

Europe

ဂရိ လက်ဝဲယိမ်း ခေါင်းဆောင် အဲလက်ဆီ စီးပရက်စ် ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

သမ္မတ Prokopis Pavlopoulos (ညာ) နှင့် ဆိုင်ရီဇာ ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရသူ အဲလက်ဆီ စီးပရက်စ် (ဘယ်) တို့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

အေသင်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ လက်ရှိဝန်ကြီးချုပ် ၊ လက်ဝဲယိမ်း ဆိုင်ရီဇာ ပါတီခေါင်းဆောင် အဲလက်ဆီ စီးပရက်စ်သည် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆို လိုက်ပါသည်။

“ဥပဒေများ၊ အခြေခံဥပဒေများနှင့် ဂရိပြည်သူများ၏ အကျိုးစီးပွားအား ထမ်းရွက်ပါမည်” ဟု အသက် ၄၁ နှစ်အရွယ်ရှိ လက်ဝဲယိမ်း ခေါင်းဆောင် စီးပရက်စ်က အေသင်မြို့ရှိ သမ္မတ အိမ်တော်၌ သစ္စာဆိုခဲ့သည်။

တနင်္လာနေ့ အစောပိုင်းတွင် စီးပရက်စ်သည် သမ္မတ Prokopis Pavlopoulos ထံမှ အစိုးရ ဖွဲ့စည်းခွင့်အား ရှစ်လ အတွင်း ဒုတိယ အကြိမ် ရရှိခဲ့သည်။

အစိုးရသစ် ဖွဲ့စည်းခြင်းဆိုင်ရာ ကြေငြာချက်နှင့် ကျိမ်းသစ္စာ ကျိန်ဆိုခြင်း အခမ်းအနား ကို ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ကျင်းပဖွယ်ရှိပြီး အဆိုပါ အခမ်းအနားပြီးနောက် စီးပရက်စ်သည် ဘရက်ဆဲတွင် ကျင်းပမည့် အီးယူ ထိပ်သီး ညီလာခံသို့ တက်ရောက်၍ ရွှေ့ပြောင်းနေထိုင်သူ အရေးနှင့် ဒုက္ခသည်အရေး ကိစ္စများတွင် ပါဝင် ဆွေးနွေးရန် ရှိကြောင်း သိရပါသည်။ဂရိနိုင်ငံ၏ လက်ဝဲယိမ်း ဆိုင်ရီဇာပါတီနှင့် လက်ယာယိမ်း ယခင်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်၊ လွတ်လပ်သော ဂရိလူမျိုးများအဖွဲ့ (Independent Greeks= ANEL) ခေါင်းဆောင်တို့သည် ၎င်းတို့ပါတီများ ဆက်လက်၍ ပူးတွဲတာဝန် ထမ်းဆောင်မည် ဖြစ်ပြီး ညွန့်ပေါင်း အစိုးရ ပြန်လည် ဖွဲ့စည်းလိုကြောင်း ကြေညာခဲ့သည်။

တနင်္ဂနွေနေ့တွင် ကျင်းပသော ဂရိ အထွေထွေ ရွေးကောက်ပွဲတွင် ဆိုင်ရီဇာ ပါတီသည် ၃၅.၅ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရရှိခဲ့ပြီး အမတ်နေရာ ၁၄၅ နေရာရရှိကာ ANEL ကတော့ အမတ်နေရာ ၁၀ နေရာ အနိုင်ရရှိခဲ့သဖြင့် အစိုးရသစ်သည် အမတ်နေရာ ၃၀၀ ရှိသော လွှတ်တော်မှာ စုစုပေါင်း အမတ်နေရာ ၁၅၅ နေရာ ရရှိမည်ဖြစ် သည်။

ပြည်ထဲရေး ဝန်ကြီးဋ္ဌာန စာရင်းများအရ ယခု ရွေးကောက်ပွဲသည် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ကြားနေမဲ ၄၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး မှတ်တမ်းဝင် ဖြစ်ခဲ့ပါသည်။ (Xinhua)